ရုရှားနိုင်ငံခြားရေးဝန်ကြီး အီရန်ရောက်၊ စွမ်းအင်အရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်ဟာ အီရန်နိုင်ငံကို ဇွန် ၂၂ ရက်က ရောက်ရှိခဲ့တယ်လို့ အီရန်အစိုးရရုပ်သံက ကြေညာပါတယ်။

လာ့ဗ်ရော့ဗ်ရဲ့ခရီးစဉ်အတွင်း စွမ်းအင်အရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်တွေအရေးအပြင် နိုင်ငံတကာနဲ့ ဒေသတွင်း အရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ အီရန်အစိုးရမီဒီယာက ဖော်ပြပါတယ်။

လာ့ဗ်ရော့ဗ်နဲ့ အီရန်သမ္မတ အီဗရာဟင် ရိုင်စီတို့ တွေ့ဆုံနေပုံကို အစိုးရရုပ်သံက ထုတ်လွှင့်ပြသပေမဲ့ အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။

လာ့ဗ်ရော့ဗ်ရဲ့ခရီးစဉ်ဟာ ယူရေးရှားဒေသနဲ့ ကော့ကေးဆပ်ဒေသတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ ရည်မှန်းထားတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၀ ရက်မှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေပေါ်မှာ တည်ရှိပြီး အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်တာကို ခံနေရတဲ့ ရုရှားနဲ့ အီရန်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အတွက် ထောက်ပံ့ရေးပစ္စည်းတွေ လဲလှယ်ပေးရေးအပြင် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုဌာနကို ထူထောင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ ရုရှားအစိုးရက အရင်လက ပြောပါတယ်။

ယူကရိန်းကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုကို ရုရှားက စိန်ခေါ်နေချိန်မှာ အီရန်အာဏာပိုင်တွေက အမေရိကန်ရဲ့ ဒဏ်ခတ်မှုကြောင့် တရွတ်ဆွဲနေတဲ့ စီးပွားရေးအတွက် ရုန်းကန်နေရပါတယ်။

အီရန်အစိုးရနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရတို့ကြား တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ ကြိုးစားမှုတွေ မတ်လတည်းက ဆိုင်းငံ့ခဲ့ပါတယ်။

သူ့ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ချက်ကို ပြန်ဖယ်ရှားပေးဖို့ အီရန်အစိုးရက မရမက တောင်းဆိုနေတာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမိရာဒိုလာစီယံကို ဇွန် ၂၃ ရက်မှာ တွေ့ဆုံမယ်လို့ အီရန်အစိုးရ သတင်းဌာန IRNA က ပြောခဲ့ပါတယ်။

//
More News
Up