လွတ်မြောက်လာသည့် မောင်တောပညာရေးဝန်ထမ်း ၂ ဦးအား ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ စစ်ဆေး

ပြန်ပေးဆွဲခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ ဇွန် ၂၂ ရက် ညပိုင်းက ပြန်လွတ်မြောက်လာပြီး  လက်ရှိမှာတော့  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ စစ်ဆေးခံနေရပါတယ်။

ဆရာကြီးနဲ့ ဆရာမကို  ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ လက်အောက်ခံ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့ (RAB) က စစ်ဆေးနေတာလို့ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်တဲ့  ရခိုင်လူမျိုးတွေက ပြောပါတယ်။

ခြံချောင်းကျေးရွာသားတဦးက “နိုင်ငံတခုကနေ ပြန်ပေးဆွဲခံရသူတွေကို ဒီဘက်နိုင်ငံမှာ လွှတ်ထားခဲ့တာဆိုတော့ အာဏာပိုင်တွေအနေနဲ့ စစ်ဆေးမှုတွေတော့ ပြုလုပ်ရမှာလေ။ ဘယ်အဖွဲ့ကဖမ်းတာ၊ ဘယ်ကနေ ဘယ်လိုလာခဲ့ကြတာ၊ စသည်ဖြင့်ပေါ့။ ကျနော်တို့ရခိုင်တွေအနေနဲ့ သူတို့ကို ချက်ချင်း မြန်မာဘက်ကို ပို့ပေးမလို့ပါ။ အဲဒီလိုဆိုရင်လည်း ကျနော်တို့ ရွာသူ ရွာသားတွေကို သံသယဖြစ်ပြီး ဖမ်းဆီးလာနိုင်တယ်” လို့ ပြောပါတယ်။

စစ်ဆေးဖို့အတွက် ပညာရေးဝန်ထမ်း နှစ်ယောက်ကို ကော့စ်ဘဇားခရိုင် ကယုချောင်းမြို့ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

ပြန်ပေးသမားတွေက သူတို့ နှစ်ယောက်ကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံချောင်းကျေးရွာနဲ့ နှခေါင်းချောင်းကျေးရွာ ၂ ရွာအကြားမှာ ဇွန် ၂၂ ရက် ညက လာရောက်ချထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်က မောင်တောမြို့နယ်၊ သင်္ဘောလှ မူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးကို မြို့နယ်ပညာရေးမှူးရုံးက ဆင့်ခေါ်တဲ့အတွက် သင်္ဘောလှကျေးရွာကတဆင့် မောင်တောမြို့ကို သွားရောက်ရာ ကျောက်ချောင်းကျေးရွာအနီး လူတစုရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ သူတို့နှစ်ဦးကို ပြန်လိုချင်ရင် တာကာငွေ သိန်း ၅၀ နဲ့ ပြန်ရွေးဖို့အတွက် ပြန်ပေးဆွဲသမားတွေက ဇွန် ၁၇ ရက်မှာ အကြောင်းကြားခဲ့ပြီး သူတို့တောင်းတဲ့ငွေ လွှဲပေးခဲ့တဲ့အတွက် ပြန်ပေးသမားတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်ကျေးရွာအနီးမှာ လွှတ်ပေးထားခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ ညှိနှိုင်းပြီး ပြန်ပို့ဖို့ ပြင်ဆင်ထားပြီးမှ ဖမ်းဆီးသွားကြောင်း တင်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်က ဒီကိစ္စကဟာ နိုင်ငံတကာကပါ သိရှိနေတဲ့ကိစ္စ ဖြစ်တဲ့အတွက် ဘယ်သူကဖမ်းတယ်၊ သူတို့ ဘယ်လူမျိုးလဲဆိုတာ စစ်ဆေးမှုတွေ ပြုလုပ်ရမှာက နိုင်ငံတခုအနေနဲ့ တာဝန်ရှိကြောင်း ရှင်းပြခဲ့တယ်လို့ ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေဆီက သိရပါတယ်။

သူတို့ ၂ ဦးကို စစ်ဆေးတာတွေပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံအစိုးရ အစီအစဥ်နဲ့ လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။

//
More News
Up