Live
Home
မြန်မာသတင်း
အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ခဲယမ်းအတွက် အလှူခံ
DVB
·
June 23, 2022

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေအတွက် မြေပြင်တိုက်ခိုက်ရေးတွေမှာအသုံးပြုဖို့နဲ့ ဇွန် ၁၈ ရက်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည် ထိမှန်ခဲ့တဲ့ က​လေး ၄ ယောက်နဲ့ လူကြီး ၁ ယောက်ကို ကူညီထောက်ပံ့ပေးဖို့ အလှူရှင်တွေ  လိုအပ်နေတယ်လို့ Indaw Revolution- IR တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဓိကက လက်နက်ခဲယမ်း လိုအပ်တာပေါ့ဗျာ။ အခုနောက်ပိုင်း တိုက်ပွဲတွေလည်း စိပ်လာတော့ မိုင်းနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေ၊ နောက်ပြီး ကျည်ဆန်တွေ လိုအပ်တယ်။ ရှေ့တန်းမှာဆို တထောင့်ထိုးကိုင်ပြီး တိုက်နေရတဲ့သူလည်း ရှိတယ်။ အထက်ကချပေးပေမဲ့လည်း နေရာအနှံ့ တိုက်ပွဲကဖြစ်နေတော့ အလုံအလောက်တော့ မချပေးနိုင်ဘူးဗျ။ အခုနောက်ပိုင်း တိုက်ပွဲတွေကစိပ်လာတော့ လက်နက်ခဲယမ်းတွေ လုံလောက်မှုမရှိဘူး ဖြစ်နေတယ်။ ဒီထက်ပိုပြီး ကျနော်တို့ ပိုလုပ်ချင်တယ်ဗျ။ ခက်ခဲတဲ့ ဒီကာလကြီးမှာ ကျနော်တို့ပြည်သူတွေဆီက အလှူခံရမှာ အားနာပါတယ်။ အလှူမခံဖြစ်တာလည်း ကြာပါပြီ။ အခုက တကယ်လိုအပ်လို့ အလှူခံတာပါဗျ။”

ဇွန် ၁၈ ရက်နဲ့ ၂၀ ရက်က အင်းတော်မြို့နယ်၊ အောင်းကုန်းရွာနဲ့ မော်တိတ်ဒေသ အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ KIA ကသာခရိုင် တပ်ရင်း ၂ အင်းတော်ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၁၈ ရက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အ‌‌ယောက် ၂၀ လောက် သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revolution ဆိုပေမဲ့ သေဆုံးဒဏ်ရာရသူအရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်တာမရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က ရမ်းသန်းပစ်တဲ့ လက်နက်ကြီး ​ကျရောက်တာကြောင့် အနီးနားရွာမှ တောထဲရောက်နေတဲ့ ကလေး ၄ ယောက်နဲ့ လူကြီး ၁ ယောက် လက်နက်ကြီးကျည် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၂၀ ရက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှတဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024