အမေရိကန်နိုင်ငံသား ၂ ဦး၏သေဒဏ်ကို ပယ်ဖျက်မည်မဟုတ်ဟု ရုရှားပြော

ယူကရိန်းနိုင်ငံထဲကနေ ဖမ်းမိတဲ့ အမေရိကန်နိုင်ငံသား နှစ်ယောက်ဟာ တရားရုံး ဆုံးဖြတ်ချက်အတိုင်း သေဒဏ်ကို ရင်ဆိုင်ရဆဲဖြစ်နိုင်တယ်လို့ ရုရှားသမ္မတနန်းတော်က ဇွန် ၂၁ ရက်မှာ ပြောပါတယ်။

ဒါဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ဘာကိုမှ ငြင်းလို့မရဘူးလို့ ကရင်မလင်နန်းတော် ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က NBC သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။

“ကျနော်တို့မှာ စွက်ဖက်ခွင့်မရှိလို့ သူတို့ကို မှတ်ချက်မပေးဘူး။ သူတို့ကို လက်ရှိမှာ ဘယ်နေရာမှာထားလဲဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှာ မဟုတ်ဘူး” လို့လည်း ပြောပါတယ်။

ဖမ်းဆီးခံ အမျိုးသားနှစ်ယောက်ဟာ ယူကရိန်းအရှေ့ပိုင်း ခါခိဗ်ဒေသဝန်းကျင်မှာ စစ်ဆင်ရေးကနေ ပြန်မလာခဲ့ကြဘူးလို့ သူတို့ရဲ့ မိသားစုတွေက ပြောပါတယ်။

အမေရိကန်နိုင်ငံသားနှစ်ယောက်ကို ခွဲထွက်ဒေသဖြစ်တဲ့ ဒန်ညက်စ်ပြည်သူ့သမ္မတနိုင်ငံလို့ ကြေညာထားတဲ့ ဒေသအတွင်း ရုရှားထိန်းချုပ်ထားတဲ့ ဒန်ညက်စ်မြို့ထဲမှာ ထိန်းသိမ်းထားတယ်လို့ သတင်းရင်းမြစ်တရပ်ကို ကိုးကားပြီး ရုရှားအခြေစိုက် အင်တာဖက်စ် သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့နှစ်ယောက်ဟာ ကြေးစားတွေဖြစ်လို့ ဂျီနီဗာသဘောတူညီချက်နဲ့ မသက်ဆိုင်တဲ့အတွက် သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်သင့်တယ်လို့ ကရင်မလင်နန်းတော်က ထပ်ခါတလဲ ပြောပါတယ်။

ပဲ့စ်ကို့ဗ်ရဲ့ မှတ်ချက်တွေဟာ အမေရိကန်နိုင်ငံသားနှစ်ယောက်ကို ဖမ်းထားကြောင်း ပထမဆုံး တရားဝင် အသိအမှတ်ပြုမှုလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံတွေဟာ အလာဘားမားပြည်နယ်က အသက် ၂၇ နှစ်အရွယ် အန်ဒီဝင်းနဲ့ အသက် ၃၉ နှစ်အရွယ် အလက်ဇန်းဒါးဒရုခ်တို့ ဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

//
More News
Up