ရုရှား ရူဘယ်ငွေတန်ဖိုး ပြန်မြင့်တက်လာ

ရုရှား ငွေကြေး ရူဘယ်ရဲ့ တန်ဖိုးဟာ အခုနှစ်ထဲမှာ အတက်အကျ မြန်နေပြီး အမေရိကန် ဒေါ်လာ၊ ယူရိုငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် ၇ နှစ် ကာလအတွင်း ငွေလဲနှုန်း အသီးသီး မြင့်တက်ခဲ့တာကို ဇွန် ၂၁ ရက် မော်စကို ငွေလဲနှုန်း အချက်အလက်တွေအရ သိရပါတယ်။

ယူကရိန်းမှာ ရုရှားက အထူးစစ်ဆင်ရေးကို စတင်ပြီးတဲ့နောက် ငွေလဲနှုန်းဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ စခဲ့တဲ့ မတ်လအစောပိုင်းမှာ သမိုင်းဝင် အနိမ့်ဆုံးအမှတ်ကိုရောက်ခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ဘဏ္ဍာရေး ဈေးကွက်ကို တည်ငြိမ်စေတဲ့ တရားဝင်မူဝါဒ အမျိုးမျိုးကြောင့် ရူဘယ်တန်ဖိုး ပြန်တက်လာခဲ့တာပါ။

ဥရောပသမဂ္ဂနိုင်ငံ အားလုံးအပါအဝင်၊ သဘာဝဓာတ်ငွေ့အတွက် ပေးချေမှုတွေကို ဧပြီ ၁ ရက်နေ့ကစပြီး ရူဘယ်ငွေကို ပြောင်းလိုက်တဲ့နောက် ငွေတန်ဖိုး ပြန်မြင့်တက်လာခဲ့ပါတယ်။ 

ရုရှား-ယူကရိန်း ပဋိပက္ခကြားမှာ ရုရှားရဲ့ ယာယီငွေလုံးငွေရင်း ထိန်းချုပ်ရေး စီမံချက်တွေအပြင် နိုင်ငံတကာ ကုန်စည်စီးဆင်းမှု မြင့်တက်လာတာတွေကလည်း ရူဘယ်ငွေ တန်ဖိုး မြင့်တက်လာရတဲ့ နောက်ကွယ်က အကြောင်းရင်းတွေလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ပြင်းထန်လာနေပြီး ဥရောပဖောက်သည်တွေက ရုရှားစွမ်းအင်အပေါ် မှီခိုအားထားမှု လျှော့ချဖို့ ကြိုးစားနေတာကြောင့် ရုပ်ကြွင်းလောင်စာကို အဓိက ကျောထောက် နောက်ခံထားတဲ့ ငွေကြေးတန်ဖိုးဟာ ရေရှည်မှာ အတက်အကျရှိမယ်လို့ မျှော်လင့်ထားကြပါတယ်။

ရုရှားစွမ်းအင်အပေါ် ပိတ်ဆို့အရေးယူတာတွေ အကြိမ်ကြိမ်လုပ်ပြီးတဲ့နောက် ဥရောပသမဂ္ဂဟာ ငွေကြေးဖောင်းပွမှု မြင့်လာတာ၊ ထောက်ပံ့ရေးကွင်းဆက် အနှောက်အယှက် ဖြစ်တာနဲ့ စီးပွားရေး ဆိုးဆိုးရွားရွာ ရိုက်ခတ်လာပါတယ်။

စွမ်းအင်ကုန်ကျစရိတ်မြင့်မားတာ၊ ကုန်သွယ်မှုစည်းမျဥ်းတွေ ယိုယွင်းလာတာနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာတို့ အပါအဝင် မသေချာမရေရာမှုတွေနဲ့ ယူရိုဇုန် ရဲ့ စီးပွားရေးက ရင်ဆိုင်နေရတယ်လို့ ဥရောပဗဟိုဘဏ် (ECB) ရဲ့ ဥက္ကဋ္ဌ Christine Lagarde က ဇွန် ၂၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

//
More News
Up