Home
မြန်မာသတင်း
မဘိမ်းမြို့နယ်တွင် စစ်ကောင်စီတပ်တန်းလျား ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
June 23, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်းရှိ စစ်ကိုင်းတိုင်းနယ်စပ်က ငါးအိုးကျေးရွာမှာရှိတဲ့ ခလရ (၁၂၁)က ‌စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်တန်းလျားကို ဇွန် ၂၁ ရက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန် ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်တန်းလျားဟာ ဒဏ်ရာရသူတွေကိုထားရှိရာ နားနေဆောင်ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး ထက်မနည်းသေဆုံးသွားတယ်လို့ ဒေသခံ PDF က ပြောပေမဲ့ ထိခိုက်သေဆုံးမှုအရေအတွက် အတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသာ - ပကဖ တာဝန်ရှိသူက "ဒရုန်းနဲ့ ဗုံးပစ်ချရာမှာ တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ကောင်တွေထားတဲ့ စစ်တန်းလျားဆောင်ပေါ်တည့်တည့်ကျတယ်။ စစ်ကောင်စီတပ်တွေ ထင်မှတ်မထားတဲ့ အခြေအနေမှာ အလစ်ငိုက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီ စစ်တန်းလျားအဆောင်ထဲမှာလည်း ဒဏ်ရာရလို့ ကုသနေရတဲ့အကောင်တွေ တော်တော်များများရှိတယ်လို့ သိထားရတယ်"လို့ ပြောပါတယ်။

ငါးအိုးကျေးရွာရှိ ခလရ ၁၂၁ ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ ခြေလျှင်တပ်ရင်းဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကလည်း ကသာမြို့အဝင်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်ကို ကသာမြို့နယ် ပကဖအဖွဲ့ Gen Z ( Drone Force Team ) က ဒရုန်းနဲ့ ဗုန်းကြဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Video - ဇွန်လ ၂၁ ရက်နှင့်  ၁၉ ရက်တွင် ဒရုန်းဖြင့်တိုက်ခိုက်စဉ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024