Home
မြန်မာသတင်း
ကလေးမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
June 23, 2022

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာမှာ တပ်စွဲပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဟဲလုပ်ကျေးရွာအနီးမှာ ဇွန် ၂၂ ရက် မနက်ပိုင်းက အသင့်စောင့်ဆိုင်းနေတဲ့ Cdf-KKg နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ Chinland Defense Force- Kalay-Kabaw- Gangaw အဖွဲ့က ပြောပါတယ်။

တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး နှစ်ဦးနှစ်ဖက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြကာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ပကဖရဲဘော် ၁ ဦး၊ CNDF ရဲ‌ဘော် ၂ ဦး၊ ကလေး PDF ၁ ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ကာ ကလေး PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG က ပြောပါတယ်။

အဆိုပါတိုက်ပွဲကြောင့် ဟဲလုပ်ရွာနဲ့ ခွေကြိမ်ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဇွန် ၂၁ ရက်ကလည်း ထိုမာကျေးရွာအနီးမှာ ကလေး PDF တပ်ဖွဲ့ဝင်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား အများအပြား ကျဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မပြုကြဖို့လည်း ကလေး PDF က အသိပေး ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ကလေးနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၄ လဝန်းကျင် ရှိနေပြီဖြစ်ပြီး ကလေးနယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။

လတ်‌တလော ကလေးနယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ရိုက်ထိတွေ့တာတွေ မပြုကြဖို့နဲ့ ဘေးလွတ်ရာဒေသတွေမှာ ဂရုစိုက်နေထိုင်ကြဖို့ကိုလည်း ကလေးပြည်သူ့ကာကွယ်ရေးတာဝန်ခံတွေက သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024