ဟောင်ကောင်တွင် ကေဘယ်ကြိုးတံတား မီးလောင်

ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်မှာ ကေဘယ်ကြိုးတံတားတစင်း  မီးလောင်မှုဖြစ်ပြီး ဇွန် ၂၂ ရက်က အိမ်ခြေ ၂၀,၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

မြောက်ပိုင်းခရိုင် ယွမ်လောင်က ကေဘယ်ကြိုးတံတားတစင်း ဇွန် ၂၁ ရက် ည ၇ နာရီမှာ မီးလောင်ခဲ့တယ်လို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကုမ္ပဏီ CLP Power က ပြောပါတယ်။

ဒါကြောင့် လျှပ်စစ်သုံးစွဲသူ ၁၆၀,၀၀၀ ဝန်းကျင်လောက် ဓာတ်အားပြတ်တောက်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ကုမ္ပဏီက ပြောပါတယ်။

ဆေးရုံတွေနဲ့ မီးရထားလမ်းတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် လျှပ်စစ်ဓာတ်အား ပြန်ရထားပြီးပေမဲ့ ကျန်နေတဲ့ သုံးစွဲသူ အိမ်ခြေ ၂၀,၀၀၀ လောက်ကို လျှပ်စစ်ဓာတ်အား ပြန်ဖြန့်ဖြူးပေးဖို့ နောက်ထပ်နှစ်ရက် လိုမယ်လို့ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ မြို့တော်အစိုးရကို တောင်းဆိုထားကြပါတယ်။ ဒေသတွင်းမှာ စာသင်ကျောင်း ဒါဇင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့လို့ ဇွန် ၂၂ ရက်က အတန်းတွေ ရပ်ထားဖို့လိုတယ်လို့ ပညာရေးဗျူရိုက ပြောခဲ့ပါတယ်။

//
More News
Up