ဌာနေတိုင်းရင်းသားများအပေါ် ဆိုးဆိုးရွားရွား အမှားကျူးလွန်ခဲ့ဟု က‌နေဒါဝန်ကြီးချုပ် ဝန်ခံ

ကနေဒါနိုင်ငံရဲ့ ပထမဆုံး မူရင်းလူမျိုးတွေအပေါ် ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တဲ့ အမှားတွေ ရှိခဲ့ကြောင်းကို ဝန်ကြီးချုပ် ဂျပ်စ်တင်ထရူးဒိုးက ဇွန် ၂၁ ရက်က ကျင်းပတဲ့ အမျိုးသား ဌာနေတိုင်းရင်းသားများနေ့မှာ အသိအမှတ်ပြု ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ထရူးဒိုးဟာ ကနေဒါနိုင်ငံရဲ့ အရှေ့ဘက် အလ်ဂန်းကွင်းန် ဌာနေတိုင်းရင်းသားတွေနဲ့ သူတို့ရဲ့မျိုးဆက်တွေ နေထိုင်ရာ မာဒါဟိုကီ ရိုးရာခြံမြေကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ဝန်ကြီးချုပ်ဟာ သူ့အစိုးရလက်ထက်မှာ တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဂျပ်စ်တင်ထရူးဒိုးက “ကနေဒါအစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက ငါတို့ရဲ့သမိုင်းတလျှောက် ဌာနေတိုင်းရင်းသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ မျိုးဆက်တွေပဲ။ ကနေဒါမှာ မျိုးဆက်ပေါင်းများစွာဟာ ဌာနေတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်လက္ခဏာ၊ ယဉ်ကျေးမှုနဲ့ ခွန်အားတွေကို ဖျောက်ဖျက်ပစ်ဖို့ တော်တော်ကို ကြိုးစားခဲ့ကြတယ်” လို့ ပြောသွားပါတယ်။

ကနေဒါနိုင်ငံရှိ ဌာနေတိုင်းရင်းသားတွေဟာ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေ မြင့်မားလာတာကို ခံစားကြရပြီး ဘဝသက်တမ်းလည်း တိုကြပါတယ်။

ထရူးဒိုးဟာ ၁၉၉၆ ခုနှစ်မှာ အဆုံးသတ်သွားတဲ့ ၁၆၅ နှစ်ကြာ ကနေဒါရဲ့ လူနေဘော်ဒါကျောင်းစနစ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ သမိုင်းကြောင်းကိုလည်း ကန့်ကွက်ပြောဆိုခဲ့ပါတယ်။ ဒီစနစ်ကြောင့် ဌာနေတိုင်းရင်းသား ကလေးတွေဟာ သူတို့ရဲ့ မိသားစုတွေဆီကနေ အတင်းအကျပ် ခွဲထုတ်ခံရပြီး ငတ်မွတ်ခေါင်းပါးမှု၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတို့ကို ခံစားခဲ့ရတာပါ။

မနှစ်တုန်းက လူနေစာသင်ကျောင်းဟောင်း ၂ ခုမှာ အမှတ်အသားမရှိတဲ့ သင်္ချိုင်း ၁,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိမှုဟာ ကနေဒါရဲ့ ဥရောပကိုလိုနီပြုမှုနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကို ပေါင်းစပ်ဖို့ နောက်ဆက်တွဲ ကြိုးပမ်းအားထုတ်မှုတွေကြောင့် နာကျင်ခံစားခဲ့ရမှုတွေကို ပြန်အမှတ်ရလာစေခဲ့တာပါ။

ကနေဒါနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ စိတ်ဒဏ်ရာတွေကို ကြည့်မြင်ရင်း ဌာနေတိုင်းရင်းသားတွေဟာ ပွင့်လင်းတဲ့ နှလုံးသားနဲ့ လက်ဆန့်ဖိတ်ခေါ်နေပြီး ပိုကောင်းတဲ့နိုင်ငံနဲ့ ပိုကောင်းတဲ့အနာဂတ်ကို အတူတကွ တည်ဆောက်ကြစို့လို့ ပြောနေကြောင်းလည်း ထရူးဒိုးက ပြောသွားပါတယ်။

//
More News
Up