ယွန်းစလင်းချောင်း၊ မာနယ်ပလော၊ အော်စလိုနှင့် ဟိုက္ကူကဗျာထဲက လရောင်များ

၁။

ဟိုက္ကူကဗျာနဲ့ ကျနော် မိတ်ဆွေဖွဲ့ခဲ့မိတာ နည်းနည်းတော့ကြာပါပြီ။

ကဗျာဆရာ အောင်ဇင်မင်းက ဟိုက္ကူကဗျာတချို့ကို အရက်မူးမူးနဲ့ ရွတ်ပြ။ ဒီတုန်းက ကျနော်က ကဗျာတွေကို သွေးတိုးစမ်းပြီး ရေးကာစ။ ၁၉၇၃ ခုနှစ်ဝန်းကျင် ... ပဲခူး။ သည့်နောက်ပိုင်း ဟိုက္ကူကဗျာနဲ့ ကျနော် ထုံ့ပိုင်းထုံ့ပိုင်းသာ တွေ့ဆုံနိုင်ခဲ့။

မှတ်မှတ်ရရ ... ၁၉၉၃ ခု၊ ဒီဇင်ဘာလအတွင်း တော်လှန်ရေးတာဝန်နဲ့ ရှေ့တန်းကို ခရီးထွက်ရင်း ဂျပန်အမျိုးသားနှစ်ယောက်နဲ့ တွေ့တော့မှ ဟိုက္ကူကဗျာကို ကျနော် ပိုပြီး စိတ်ဝင်စားခဲ့၊ ပိုပြီး ခုံမင်စုံမက်လာခဲ့တာပါ။

ဒီတုန်းက တွေ့ဦးစမှာ သူတို့နှစ်ယောက်စလုံး ကျနော်နဲ့ ခပ်စိမ်းစိမ်းလို့ ထင်ရပါတယ်။ သူတို့ကလည်း သူတို့အစီအစဉ်နဲ့သူတို့ လျှို့ဝှက်ခရီးသွားကြတာပါ။ ကျနော်က ကြုံတောင့်ကြုံခဲ ဂျပန်လူမျိုးတွေနဲ့တွေ့တုန်း ဟိုက္ကူကဗျာတွေအကြောင်း မေးချင်တာ ဘယ်လိုမှ မျိုသိပ်မထားနိုင်တဲ့အဆုံး စကားနည်းနည်းဟကြည့်လိုက်တော့မှ သူတို့နှစ်ယောက်စလုံး ဟိုက္ကူကဗျာတွေအကြောင်း ပြောလည်းပြော၊ ရွတ်လည်းရွတ်ပြ။ အထူးသဖြင့် သူတို့က လရောင်တွေနဲ့ပတ်သက်တဲ့ ဟိုက္ကူကဗျာတွေကိုပဲ ရွေးပြီး ရွတ်ပြခဲ့ကြလို့ ကျနော့်မှာ ကျေးဇူးတင်လို့ မဆုံးနိုင်ခဲ့ပါဘူး။ ဟိုက္ကူကဗျာမှာ ကာရန်မပါတဲ့အကြောင်း၊ ရာသီပြစကားလုံး ပါလေ့ပါထရှိတဲ့အကြောင်း သိခွင့်ရတာလည်း အဲဒီအခါကြမှပါ။

ယွန်းစလင်းချောင်းကမ်း တဲတလုံးဘေးက ကောက်ရိုးပုံကြီးပေါ်မှာ လရောင်ကိုမော့ကြည့်ရင်း ဟိုက္ကူကဗျာတွေအကြောင်း သူတို့နှစ်ဦးပြောပြသမျှ နားထောင်ခဲ့ရတဲ့ ညတည ... ကျနော် ဘယ်လိုမှ မမေ့နိုင်ဘူး။

တခါ ...၊ ၁၉၉၅ ခု၊ တော်လှန်‌ရေးဌာနချုပ် မာနယ်ပလောကျအပြီး ဥရောပမဲဇာမှာ သောင်တင်နေတဲ့အချိန်၊ ဟိုက္ကူကဗျာတွေနဲ့ ဝေးရပြီအောက်မေ့တာ မိတ်ဆွေ နော်ဝေအမျိုးသမီးတဦးဆီက ခရစ္စမတ်လက်ဆောင်အဖြစ် ဟိုက္ကူကဗျာစာအုပ်ကလေးတအုပ် ရလိုက်တော့ ဟိုက္ကူကဗျာတွေ ခြေတံတော်တော်ရှည်ပါလားဆိုပြီး အံ့သြရပါတယ်။

ဒီကြားထဲ နော်ဝေ မြန်မာကောင်စီဥက္ကဋ္ဌ မစ္စတာကူလွိုင်း (ကွယ်လွန်)ရဲ့ မြေအောက်ခန်း ကိုယ်ပိုင်စာကြည့်တိုက်ကို ချစ်ရဲဘော်ကြီး ဒေါင်းညို (ကိုမောင်မောင်မြင့်)နဲ့အတူ ဝင်ကြည့်ခွင့်ကြုံတော့လည်း ဟိုက္ကူကဗျာစာအုပ်တချို့ တွေ့ရပြန်ရော။

တခါ နော်ဝေကြက်ခြေနီစခန်းတခုမှာ ၃ လလောက် သွားနေရတုန်း နော်ဝေပန်းချီဆရာမတဦးနဲ့ စကားလက်ဆုံကျတော့လည်း ဟိုက္ကူကဗျာတွေအကြောင်း ပြောသွားတာ ကြားခဲ့ရပြန်ပါတယ်။ အော်စလိုမြို့က စာကြည့်တိုက်တွေမှာလည်း ဟိုက္ကူကဗျာစာအုပ်တွေကို နော့်ချ်လို၊ အင်္ဂလိပ်လို တော်တော်များများတွေ့ခဲ့ရပါတယ်။

ဒီလိုနဲ့ ထိုင်း-မြန်မာနယ်စပ်ကိုပြန်ဖို့ ၅ ရက်ခန့်အလို ပီရူးအမျိုးသား မိတ်ဆွေတဦးက ကျနော် ကဗျာဝါသနာပါမှန်းသိလို့ သူ့မှာရှိတဲ့ ဟိုက္ကူကဗျာတချို့ကို မိတ္တူကူးပြီး ပေးလိုက်ပြန်ပါသေးတယ်။ ကျနော်ဆိုလိုချင်တာကတော့ ဟိုက္ကူကဗျာဟာ သူ့နိုင်ငံနယ်နိမိတ်ကို ကျော်ပြီး ကမ္ဘာ့အနှံ့ ခရီးဆန့်ခဲ့ပြီဆိုတဲ့သဘောကို ပြောချင်တာပါ။

ဒီလိုနဲ့ပဲ အခုဆိုရင် ဟိုက္ကူကဗျာနဲ့ ကျနော်ဟာ မိတ်ဆွေအဆင့်က ကျော်ခဲ့ရပြီဆိုပါတော့။

၂။

ဂျပန်ကဗျာမှာက အဓိကအားဖြင့် ကဗျာပုံသဏ္ဌာန်လမ်းကြောင်း သုံးမျိုးသုံးစားရှိတာ တွေ့ရပါတယ်။ ရှေးအကျဆုံးက ‘တန်းခ’ (Tanka) ဒါမှမဟုတ် ‘ဝခ’ (Waka) လို့ခေါ်တဲ့ ကဗျာပါ။ စာကြောင်းရေ ငါးကြောင်း (၅-၇-၅-၇-၇) စာလုံးရေ (၃၁) လုံးနဲ့ ဖွဲ့ရတဲ့ကဗျာ။ ဒီကဗျာစပ်နည်းကို ၈-ရာစုဦးပိုင်းမှာ စတင်အသုံးပြုခဲ့ပါတယ်။ ၁၇-ရာစုအထိ အင်အားကောင်းခဲ့ပြီး အခုလက်ရှိကာလအထိလည်း စပ်ဆိုနေကြဆဲပါ။

၁၇-ရာစု၊ ‘တိုကူဂါဝါ’ ခေတ်မှာ ဟိုက္ကူကဗျာစပ်နည်း ထွန်းကားလာပါတယ်။ ပထမ ‘ရမ်းဂ’ (renga) လို့ခေါ်တဲ့ ‘တန်းခ’ ထက် ပိုပြီးတိုတဲ့ ကဗျာစပ်နည်း ပေါ်လာပါတယ်။ ဒီကဗျာက စာကြောင်းရေ ၂ ကြောင်း ဒါမှမဟုတ် ၃ ကြောင်းပဲ ရေးရပါတယ်။ ဒါပေမဲ့ သူက တပုဒ်တည်းနဲ့မပြီးဘူး။ အဲဒီ ၂ ကြောင်းတပုဒ် ဒါမှမဟုတ် ၃ ကြောင်းတပုဒ် ကဗျာတွေကို ပုဒ်ရေကြိုက်သလောက် ဆက်ပြီးရေးလို့ရတဲ့ ကဗျာပါ။ အခံအအုပ်သဘောပြောရင်လည်း ရတဲ့နည်းပါ။ အများအားဖြင့် တယောက်က ရှေ့ကတပုဒ်စပ်ရင် နောက်တယောက်က နောက်တပုဒ်ဆက်ပြီး ဖြည့်ပြီးစပ်။ နောက်တယောက် ဒါမှမဟုတ် ပထမတပုဒ်စပ်ခဲ့သူက တခါထပ်ပြီး ဆက်ပြီးစပ်။ ဒီလိုနဲ့ တပုဒ်ပြီးတပုဒ် ဆက်ပြီးစပ်ရင်းက အရှည်ကြီးစပ်လို့ရတဲ့နည်းပေါ့။ ကျနော်တို့ မြန်မာကဗျာမှာရှိတဲ့ အဖြည့်ခံရတုကို သတိရမိပါတယ်။ အညာကျေးလက်တချို့က အတိုင်အဖောက်နဲ့ အချီအချ လက်တန်းစပ်ဆိုကြတဲ့ ကဗျာမျိုးလိုပေါ့။ ဒီ ‘ရမ်းဂ’ ကဗျာကို အခြေခံပြီးမှ ၃ ကြောင်း (၅-၇-၅) စာလုံးရေ (၁၇) လုံးနဲ့ဖွဲ့ရတဲ့ ဟိုက္ကူကဗျာရေးနည်း ဆင့်ပွားပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။

နောက်တနည်းကတော့ လွတ်လပ်ကာရန်စနစ်နဲ့ဖွဲ့တဲ့ ခေတ်ပေါ်ကဗျာနည်းပါ။ ဒါက ၁၉-ရာစုအလယ် ‘မေဂျီခေတ်’ မှာ ဥရောပနဲ့ ဆက်စပ်ယှက်နွှယ်ပြီးမှ ရလာတဲ့နည်းပေါ့။ ဒီတော့ ‘တန်းခ’။ ‘ဟိုက္ကူ’ နဲ့ ‘ခေတ်ပေါ်ကဗျာ’ ဆိုပြီး ဂျပန်ကဗျာပုံသဏ္ဌာန်လမ်းကြောင်း ၃ ခု။ ဒါကို အခုထက်ထိ ဂျပန်ကဗျာဆရာတွေ လက်မလွှတ်ကြသေးပါဘူး။ ဒီနည်း ၃ ခုစလုံးနဲ့ ဖွဲ့ကြ၊ စပ်ကြတဲ့ ကဗျာစပ်နည်းဟာ ဂျပန်ကဗျာရေစီးကြောင်းရဲ့ အဓိကပုံသဏ္ဌာန်ပဲ ဆိုပါတော့။

၃။

ကျနော် အခု ...၊ ဟိုက္ကူကဗျာတချို့ကို ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။ ဂျပန်ဘာသာက တိုက်ရိုက်ဘာသာပြန်ရတာ မဟုတ်ပါဘူး။ အင်္ဂလိပ်လိုကတဆင့် ဘာသာပြန်ရတာပါ။ ဝေမျှခံစားကြည့်စေချင်လွန်းလို့သာ ဆောင်ရွက်လိုက်ရပေမဲ့ အားလုံးသိကြတဲ့အတိုင်း မူရင်းရသကိုတော့ ဘယ်မှာအပြည့်အဝရနိုင်ပါ့မလဲ။ ဘာသာပြန်နေရင်းက ငါရေးနေတာ မူရင်းအဓိပ္ပာယ်နဲ့ နီးမှနီးသေးရဲ့လားဆိုတဲ့ သံသယစိတ်တွေ ဝင်ဝင်လာလွန်းလို့ ရပ်ထားခဲ့ရတာလည်း ခဏခဏပါ။ တခါတလေ အင်္ဂလိပ်လိုရေးထားတဲ့ ကဗျာတချို့က ကျနော်ဘာသာပြန်ထားတဲ့ ကဗျာထက် ပိုပြီး ခံစားလို့ ရနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။ မီအောင် ဘာသာမပြန်နိုင်တဲ့ သဘောပေါ့။ ဘာသာဗေဒတံတိုင်းကို လွတ်အောင် မကျော်နိုင်တဲ့ ကျနော့်ချွတ်ယွင်းချက်အဖြစ် ဝန်ခံရမှာပါ။

ဒီနေရာမှာ (၅-၇-၅) ဆိုတဲ့ ဂျပန်ဟိုက္ကူကဗျာပုံစံကို မရရအောင် ဘာသာပြန်မှ မှန်တယ်လို့ ကျနော် မယူဆပါဘူး။ ဘာသာပြန်တဲ့အခါ မူရင်းကဗျာရဲ့ အဓိပ္ပါယ်နဲ့ ကိုက်ညီဖို့ပဲ လိုပါတယ်။ (၅-၇-၅) ပုံစံထဲ အတင်းရိုက်သွင်းခြင်းအားဖြင့် အဓိပ္ပါယ် တိမ်းစောင်းနိုင်ပါတယ်။ အဓိပ္ပါယ်လည်း မတိမ်းစောင်းဘူး၊ (၅-၇-၅) ပုံစံလည်း ဝင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါတောင်မှ မြန်မာစာက ဝဏ္ဏ တလုံးချင်းစီက အဓိပ္ပါယ်ရှိနေလို့ (၅-၇-၅) ဝင်အောင် လုပ်လို့ရတယ်လို့ ယူဆရတာပါ။ တချို့ဘာသာစကားတွေက ဝဏ္ဏတခုချင်းစီမှာ အဓိပ္ပါယ် ရှိချင်မှရှိတာဆိုတော့ (၅-၇-၅) ပုံစံဝင်ဖို့ မလွယ်တော့ဘူးပေါ့။ ဒါကြောင့်မို့ ဂျပန်ဟိုက္ကူကဗျာတွေကို မြန်မာဘာသာပြန်တဲ့အခါ အဓိပ္ပါယ်ကိုပဲ ဦးစားပေးခဲ့ပါတယ်။ (၅-၇-၅) ပုံစံကို အဓိက မထားခဲ့ပါဘူး။

တကယ်တော့ ဟိုက္ကူကဗျာတွေဟာ “တို၊ ကျဉ်း၊ လိုရင်း၊ သန့်ရှင်း“ ဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ ကဗျာတွေပါ။ ကဗျာတွေ တိုသလောက်၊ ကျဉ်းသလောက်၊ ရှင်းသလောက်၊ ဂယက်အနက်တွေကြတော့ တွေးရင်းတွေးရင်း တွေးနိုင်သလောက် အဝေးဆုံးအထိ ရောက်သွားနိုင်တာပါ။ ဒီနေရာမှာ ဂယက်အနက်၊ သွယ်ဝိုက်အနက်တွေ ရှိနေတယ်ဆိုပေမဲ့၊ တနည်းအားဖြင့် ဝင်္ကန္တနည်းကို အသုံးပြုတယ်ဆိုပေမဲ့ ဂမ္ဘီရဆန်တဲ့အထိတော့ မရှိပါဘူး။ ဒါကြောင့်မို့ သန့်ရှင်းတဲ့ဂုဏ်၊ ရိုးဂုဏ်အပြည့်ရှိတယ်လို့ ဆိုကြတာပေါ့။

အခုလို မျက်မှောက်ခေတ် ရာဇဝင်ရေးကာလမျိုးမှာ ဟိုက္ကူကဗျာတွေဟာ တကယ်ကော လိုအပ်ရဲ့လားဆိုတဲ့ မေးခွန်းကို မိတ်ဆွေတချို့က ထောက်ပြတာလည်း ရှိပါတယ်။ ကျနော့်အဖို့တော့ ‘စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး’ ပဲ။ ဒီခေါင်းစဉ် ဒီပေတံနဲ့ ဒီအကန့် တကန့်အတွင်းမှာ “လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ သန့်ရှင်းစင်ကြယ်မှု၊ တည်ကြည်မှုနဲ့ မေတ္တာတရား“ ကို အခြေခံတဲ့ ဟိုက္ကူကဗျာတွေဟာ ကျနော်တို့အတွက် အသုံးမတည့်စရာအကြောင်း မရှိဘူးလို့ပဲ အခိုင်အမာ ယုံကြည်မိပါတယ်။

‘ဆေးရှိယာမာဂူချိ’ ရဲ့ ‘ကောင်းကင်ထဲက ပျောက်နေတဲ့စွန်ကြိုးတချောင်း’ ကိုတော့ မြင်အောင်ကြည့်ကြပါစို့လို့ ကျနော် အကြံပြုလိုက်ပါရစေ။ ။

ထလော့ လိပ်ပြာကလေး

အချိန်တွေ နှောင်းကုန်ပေါ့

မင်နဲ့ငါ အတူတကွ

ခရီးမိုင်များစွာ သွားရဦးမယ်ပ။

ဗသျှိုး

ငါ့မျက်လုံးတွေဟာ

ဟိုး ...အဝေးကပင်လယ်ဆီ

တဖြေးဖြေး ပျံသန်းဝေးကွာသွားနေတဲ့

ငှက်တကောင်ကို လိုက်ကြည့်ရင်းက

ကျွန်းကလေးတခုကို

ဘွားကနဲ သွားတွေ့လိုက်ရတယ်။

ဗသျှိုး

ထိန်ထိန်သာနေတဲ့ လရောင်အောက်

ရေကန်အိုလေးကို

ငါလှည့်ပတ်လျှောက်နေခဲ့

အလိုလေး ...

ရောင်နီတောင် သန်းလာနေပြီပဲ။

ဗသျှိုး

ကြိုးကြာငှက်မြည်သံကြား

ဝါးတောကလေး

ချက်ချင်းဆိုသလို လရောင်လင်းထိန်သွား ...၊

ဗသျှိုး

အို - ဟေမန္တ

ငှက်တွေ တိမ်တွေတောင်မှ

အိုစာလို့ သွားပြီပ။

ဗသျှိုး

မိတ်ဆွေများဟာလည်း

ခွဲခွာကြရစမြဲ

ဘဲငန်းရိုင်းများသည်လည်း

တိမ်တွေထဲ

တဖြေးဖြေးတိုးဝင် ပျောက်ကွယ်သွားစမြဲ။

ဗသျှိုး

အရာအားလုံး

ငါ

စွဲမက်စွာ ထိတွေ့ခဲ့

အလိုလေးလေး ...

ဆူးတချောင်း စူးလိုက်သလိုပါပဲလား။

အိဆ

အင်းဆက်ပိုးမွှားလေးတွေရဲ့စကား

လူတွေပြောတဲ့စကား

မတူတဲ့နား ခွဲခြားပီးကြား။

ရှိကိ

ကြိုးကြာငှက်ကလေးရေ

ငိုချင်ရင်

လမင်းကြီးဆီကိုသာ

တိုင်တည်ပြီး ငိုလိုက်ပေတော့

ငါ့ဘက်ကိုလှည့် မငိုနဲ့

ငါ - မင်းဘဝပုံပြင်ကို ကြားခဲ့ပြီးပြီကွဲ့။

ဆိုးဆေကိ

မိုးဦးကျပြီ

ဟိုမှာ

ဝေသာလီ ဗျိုင်းတကောင်

မိုးရေစိုရွှဲ တကောင်ထဲ ...။

ကဝဟိဂရှိ

သစ္စာမရှိတဲ့ချစ်သူ

စွန့်ခွာသွားခဲ့

အဲဒီဆောင်းရဲ့ နှင်းထုထဲ

ဘယ်လောက်အထိ ချမ်းအေးမလဲ

ဂျဂုရှိ

ငါ့အိမ်ကလေး

မီးလောင်ပြာကျပြီးမှပဲ

ပိုမိုသာယာတဲ့ လရောင်ရှုခင်း

ငါ ပိုင်ဆိုင်ခြင်းရှိတော့တာပ။

မဆဟိဒဲ

စွန်ကြိုးတချောင်း

ကောင်းကင်ထဲမှာ

မမြင်ရသော်ငြား

လက်ချောင်းပေါ်မှာ မြင်ရသား။

ဆေးရှိရမဂုချိ

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။ ။ 1. ANTHOLOGY OF MODERN JAPANESE POETRY

2. HAIKU (The Poetry of Zen)

3. HARVEST OF HAIKU

//
More News
Up