မြန်မာပြည်တွင်းရောင်းချရမယ့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက မြှင့်တင်လိုက်တာနဲ့အတူ ပြင်ပလက်လီဈေးနှုန်းတွေလည်း ပိုမိုမြင့်တက်လာနေပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဇွန် ၂၀ ရက်ကနေ ဇွန် ၃၀ ရက်နေ့အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို တပိဿာ ၅၈၁၅ ကျပ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။
ကော်မတီက ပြီးခဲ့တဲ့သီတင်းပတ် သတ်မှတ်စျေးနှုန်းထက် တပိဿာကို ကျပ် ၁၇၀ ပိုမိုသတ်မှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က သတ်မှတ်နှုန်းကတော့ တပိဿာကို ၅၆၄၅ ကျပ် ဖြစ်ပါတယ်။
ဒါပေမဲ့ ပြင်ပလက်လီစျေးကွက်အတွင်းမှာတော့ တပိဿာကို ကျပ် ၈၀၀၀ အထက်၊ ကျပ် ၉၀၀၀ နီးပါးထိ မြင့်တက်နေတယ်လို့ စျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ ဒါကြောင့် သတ်မှတ် အခြေခံ လက်ကားရည်ညွှန်း ဈေးနှုန်းနဲ့ ပြင်ပလက်လီဈေးက ကျပ် ၂၀၀၀ ကျော် ၃၀၀၀ ဝန်းကျင် ကွာဟချက် ရှိနေပါတယ်။
စားအုန်းဆီဈေးနဲ့အတူ ပြည်တွင်းမှာ ကြိတ်ခွဲထွက်ရှိတဲ့ မြေပဲဆီ၊ နှမ်းဆီဈေးနှုန်းတွေကလည်း တပိဿာကို လက်လီဈေး ကျပ် ၁၀၀၀၀ အထက်မှာရှိနေပါတယ်။ အလားတူ တခြား စားဆီဈေးနှုန်းတွေကလည်း အမြင့်ဈေးမှာပဲ ရှိနေတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင် ဇန်န၀ါရီလက ပြည်တွင်းလက်လီဈေးကွက်မှာ စားအုန်းဆီ တပိဿာကို ကျပ် ၂၀၀၀ ကျော်ပဲရှိခဲ့ပါတယ်။
စစ်ကောင်စီက ပြည်တွင်းစားဆီဈေး ကျဆင်းအောင်၊ ဈေးနှုန်းတည်ငြိမ်အောင် ထိန်းကျောင်းဆောင်ရွက်နေတယ်လို့ဆိုပေမဲ့ တနှစ်ကျော်အတွင်း လေးဆကျော် မြင့်တက်လာတဲ့ စားအုန်းဆီဈေးနှုန်းက ၀င်ငွေနည်းပါးတဲ့ အခြေခံပြည်သူတွေအတွက် နေ့စဥ်နဲ့အမျှ ဖိစီးရိုက်ခတ်စေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရပ်တန့်၊ နှေးကွေးသွားခဲ့ပြီး၊ ၀င်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ လျော့နည်းနေချိန် ကျပ်ငွေတန်ဖိုး ထိုးဆင်းပြီး အထွေထွေကုန်စျေးနှုန်း မြင့်တက်နေတဲ့ဒဏ်ကိုလည်း အများပြည်သူက ခံစားနေရတာပါ။
လတ်တလော မြန်မာနိုင်ငံမှာ ဆန်၊ ဆီ၊ ဆား စတဲ့အခြေခံစားကုန်တွေအပြင် စားသောက်ကုန်၊ လူသုံးကုန်၊ စိုက်ပျိုးရေးသွင်းအားစုနဲ့ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွေပါ ဈေးအဆမတန် ကြီးမြင့်နေပါတယ်။