ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ခရိုင်တရားသူကြီးကို တရားခွင်မှာ သေနတ်နဲ့ပစ်ဖို့လုပ်ခဲ့တဲ့ ဒုရဲအုပ်ကို စစ်ကောင်စီက နယ်ပြောင်းရွှေ့လိုက်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့ တရားခွင်မှာ တရားသူကြီးနဲ့ စကားများခဲ့တဲ့ ဘိုကလေးမြို့မရဲစခန်းက ဒုရဲအုပ် ဝေလင်းကို စစ်ကောင်စီက ဇွန် ၁၇ ရက်မှာ လပွတ္တာမြို့နယ်ထဲက ရဲစခန်းကို ပြောင်းရွှေ့ဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့တာလို့ ရဲတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
“သူက စိတ်ရင်းကောင်းတယ်။ မဟုတ်မခံပေါ့ စိတ်လည်းဆက်တယ်။ အဲ့နေ့က သူစိတ်လွတ်သွားတာထင်တယ်။ ညပိုင်း သူသွားတောင်းပန်သေးတယ်။ ဒါပေမဲ့ သတင်းတွေက ထွက်နေတော့ အထက်က ပြောင်းလိုက်တာ” လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တရားသူကြီးနဲ့ စကားများ ရန်ဖြစ်လို့ သေနတ်ထုတ်ပစ်ဖို့လုပ်တဲ့ ဒုရဲအုပ် ဝေလင်းကို တခြား တပ်ဖွဲ့တွင်း စုံ/ခုံ ဖွဲ့စစ်ဆေးတာတွေမလုပ်ဘဲ ခုလိုမျိုး နယ်စခန်းပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းက ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော် ရခိုင်ပြည်နယ်ကို ပြောင်းရွှေ့ရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့အင်အားကို ထိန်းသိမ်းတဲ့အနေနဲ့ ရာဇဝတ်မှုမမြောက်တဲ့ ပြစ်ဒဏ်တွေကို လျှော့ချပြီး အပြစ်ပေးတာမျိုးတွေ ပြုလုပ်လာတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။