Home
မြန်မာသတင်း
မြန်မာနိုင်ငံ ပြန်ပို့ပေးရန် ဘင်္ဂလားဒေ့ရ်ှရှိ ဒုက္ခသည်များ ဆန္ဒပြ
DVB
·
June 20, 2022

မြန်မာနိုင်ငံကို ပြန်ပို့ပေးရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်သောင်းချီ ဇွန် ၁၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

"ဒီစခန်းတွေမှာ ကျနော်တို့ ဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်ပြီး နေထိုင်နေကြရတာပါ။ ကျနော်တို့ ယခင်နေထိုင်ခဲ့တဲ့ မြန်မာဘက်ကို အမြန်ဆုံးပို့ပေးစေချင်ပါတယ်။ အခုက မြန်မာဘက်ကို ပို့ပေးဖို့ စာရင်းတောင် မကောက်ခံကြတောဘူး။ ဘာချာရှာကျွန်းကိုပဲပို့ဖို့ လုပ်နေကြတာ” လို့ ဆန္ဒထုတ်ဖော်ရာမှာပါဝင်တဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းမှ မာမတ်ရောချီက ပြောပါတယ်။’

IDP Camp-9 ရှိ အားကစားကွင်းအတွင်း ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒုက္ခသည် ၉ သောင်းကျော် ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ နေရပ်ပြန်ရေး လိုဂိုတံဆိပ်ပါပိုစတာတွေ ဖြန့်ဝေခဲ့ကြ​ပြီး သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အချိန်မဆွဲဘဲ ပြန်ပို့ပေးဖို့၊ ၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းပေးဖို့၊ မူလနေရာတွေမှာ နေရာချထားပေးဖို့၊ နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိရေး၊ ရခိုင်​မှာရှိတဲ့ ဒုက္ခစခန်းကို ဖျက်သိမ်းပြီး မူလနေရာမှာ ပြန်လည်နေရာချထားပေးဖို့၊ နိုင်ငံတွင်း ကျန်နေသူတွေအား နှိပ်စက်တာတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ စတဲ့ ၁၉ ချက်ကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒုက္ခသည်တဦးက “နေရပ်ပြန်ခွင့်ရဖို့ စောင့်ဆိုင်းနေတာ အခုဆို ၅ နှစ်လောက်ရှိပြီ။ မြန်မာဘက်ကို ပြန်ရင်တော့ အစိုးရက လုံခြုံရေးအပြည့်အဝပေးဖို့ လိုအပ်တယ်။ နောက်ပြီး မူလကျေးရွာတွေကို ပြန်လည်တည်ဆောက်ပေးဖို့ လိုတယ်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ARSA အကြမ်းဖက်မူကိုအကြောင်းပြပြီး နယ်မြေရှင်းလင်းစဥ် ကျေးရွာ ၁၀၀ ​ကျော်က ရိုဟင်ဂျာ ၇ သိန်းလောက် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာပါ။

မြန်မာနိုင်ငံကို ပြန်လိုကြောင်း ဒုက္ခသည်တွေ ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကတော့ နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုဟာ အားနည်းနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024