Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည် ပစ္စယော (ဆောင်းပါး)
DVB
·
June 20, 2022

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇နှစ်မြောက် မွေးနေ့ အခါသမယမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပနေကြပုံတွေကို ကြည့်ရင်း သူ့ရဲ့ အထောက်အပံ့အကြောင်း‌ ရေးချင်လာမိတယ်။ တိုင်းပြည်ရဲ့ မိခင်ကြီးလို့ တင်စားကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်မြောက် မွေးနေ့မှာ  အမိမြေက လူမျိုးစုံ အလွှာစုံ  ပြည်သူတွေဟာ  မိမိတို့ နေအိမ်မှာ၊ တချို့က  ဘုရားကျောင်းကန် ပန်းခြံတွေဆီကို သွားပြီး  တခုတ်တရ  မွေးနေ့ရှင်မိခင်ကြီး မာပါစေ သာပါစေ ဘယာတွေ ကွာပါစေကြောင်း ဆုတောင်းကြ၊ ကုသိုလ်ပြုနေကြတာတွေဟာ ပစ္စုပ္ပန်အတွက်လည်း ကြည်နူးစရာ အတိတ်ကို တူးဆွရင်လည်း လွမ်းဆွတ်စရာမြင်ကွင်းတွေပါပဲ။

ရန်ကုန်-မန္တလေးနဲ့ မြို့နယ် ရွာအနှံ့  အလံမလှဲ နွေဦးသပိတ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မေ့မေ့လျော့လျော့မထားကြဘူး။ တနေရာမှာ ပီဒီအက်ဖ်တော်လှန်ရေး လူငယ်တွေက သူတို့ သေနတ်တွေကို ပစ်ဖောက်ပြီး  ဆုတောင်း ကတိတွေ ပေးကြတဲ့အထိပဲ။ 

ကမ္ဘာအနှံ့က တိုင်းပြည်ခေါင်းဆောင်တချို့ကလည်း ဆုတောင်းပေးနေကြသလို နိုင်ငံတကာရောက် မြန်မာတွေကလည်း ဆုတောင်းအထိမ်းအမှတ်ပွဲတွေ ပန်းခြံဖွင့်ပွဲ ရန်ပုံငွေမြှင့်တင်ပွဲတွေ  တက်တက်ကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင် တဦးချင်းရော အသင်းလိုက် နိုင်ငံအလိုက် ဝဲချီသိမ့်သိမ့် ဆင်ယင်ကျင်းပနေကြတာကို မြင်ရတဲ့အခါ နှစ်‌ပေါင်းများစွာ မိုက်လုံးကြီးခဲ့၊ မိုက်လုံးကြီးဆဲ   မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ အထပ်ထပ်အမှားတွေက ပိုပြီပြင်လာသလိုပဲ။ ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက ဖယ်ထုတ်ချင်တဲ့ ဆန္ဒအမြဲ ရှိခဲ့တယ်။

၁၉၉၀ ကတည်းက မှားလာတဲ့ အမှားဟာ အခုထိ မှားကောင်းကြတုန်း။ တတိယအကြိမ်  ၂၀၂၁မှာ စစ်တပ် အာဏာသိမ်းလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတွေ ထပ်ထပ်တိုးနေတာများ  ခုထိ မကုန်နိုင်သေးဘူး (ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ ရှိသေးရင် အမှုတွေ နောက်ထပ် မတိုးလိုက်ပါနဲ့၊ သူ့အမေ့......  ယိုးတော့မလို ဆိုတဲ့ စာချိုးမျိုး ထပ်ချိုးဦးမှာ ထင်ပါရဲ့ဗျာ) အယောင်ဆောင် သူတော်ကောင်း စစ်ဗိုလ်အရင့်အမာကြီးတွေ ဒေါ်စုအပေါ် ပြုမူနေကြပုံတွေဟာ ရယ်စရာလည်းကောင်း၊ သံဝေဂရစရာလည်းကောင်းပါရဲ့။ တိုင်းပြုပြည်ပြု ခေါင်းဆောင်ကောင်းတယောက်ရဲ့တန်ဖိုးကို နားမလည်။ မေတ္တာနဲ့ အပြုစိတ်တန်ဖိုးကိုမသိ၊ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးမတင် ကျေးဇူးမမြင်တဲ့အပြင် အပြီးတိုင်ချေမှုန်းရေး   အငုံ့စိတ်တွေနဲ့သာ ရှင်သန်ခဲ့တဲ့ စစ်အာဏာရှင်တွေအဖို့ ပစ္စုပ္ပန်ကော သံသရာအတွက်တွေပါ  ရတက်မအေးစရာ၊ ဆွေစဥ်မျိုးဆက် အမည်းစက်ထင် တသက်လူရာမဝင်စရာ အဖြစ်တွေ   တိုးလို့သာလာနေပါတယ်။ ၁၉၉၀ ပြည့်နှစ်၊ နှစ် ၃၀ အကျော်က စခဲ့တဲ့ ကလိန်စေ့ငြမ်းဆင် ငြိမ်ပိစစ်လမ်းစဥ်ဟောင်းကို ပြန်လျှောက်မိနေကြတယ်။ ပိုပိုကြီးမားတဲ့ စစ်ရာဇဝတ်မှုတွေ အထပ်ထပ်  ကျူးလွန်နေမိကြတယ်။ သူတို့ ဇာတ်သိမ်းက  ကမ္ဘာ့ဇာတ်ခုံအလယ် နှလုံးနာဖွယ် စစ်ရာဇဝတ်ကောင်တွေအဖြစ်နဲ့ လောကဓမ္မ တရားခွင်ကို ရင်ဆိုင်သွားကြရဖို့သာရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁  ဧပြီလ နောက်ဆုံးအပတ်က အမှားချင်းထပ်နေတဲ့ မင်းအောင်လှိုင်ဟာ ပြန်ပြင်မရ  တွင်းလုံးကျ ခြေလှမ်းတလှမ်း ထပ်မှားခဲ့တယ်။ အသိအမှတ်ခံချင်‌ဇော ဒရောသောပါး  သွားတက်လိုက်မိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံ ခေါင်းဆောင် ကိုးယောက်ရှေ့မှာ ဟုတ်ကဲ့ ဟုတ်ကဲ့ အလွယ်လုပ်လိုက်မိပြီး သောက်ကျိုးနည်း ဘုံသဘောတူညီချက် ၅ ချက်ကို မျိုချခဲ့မိတော့ အမဲတုံးမိတဲ့ သတ္တဝါတကောင်လို မထွေးနိုင် မအန်နိုင် နိုင်ငံရေး တရွတ်သီသွားပြီး အာဆီယံမှာလည်း တောမတိုး၊ နိုင်ငံတကာမှာလည်း ဘောင်မဝင် ပြည်သူကြားထဲလည်း သောင်မတင် သူ့နိုင်ငံရေးချဥ်ဖတ်ရာဇဝင်ကို ရေးနေရရှာပါတယ်။ ခန့်အပ်တာဝန်ပေးလိုက်တဲ့ အာဆီယံ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်ကို အဓိက တွေ့ချင်ပါတယ်၊ ညှိနှိုင်းတဲ့အခါ  သူမကို ချန်လှပ်မထားဘဲ ပါစေ -ရှိစေချင်ပါတယ်လို့ တောင်းဆိုလာတဲ့အခါ စစ်ဘက်ဆိုင်ရာ ဆုတံဆိပ်တွေ ရင်ဘတ်အပြည့် ချိတ်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ အသက် ၇၇ အရွယ် ဒီအဘွားကြီးဆီက စကားတခွန်း၊ အပြင်ပေါက်ကြားလာမှာမျိုးကိုတောင် အရမ်းကြောက်နေကြပြီး တွေ့လို့မရနိုင်ဘူးလို့ လှီးလွှဲနေကြရရှာတယ်။ 

အခု ပြည်သူတွေရဲ့ ထွက်ရပ်လမ်းက NUG နဲ့ EROs တွေ‌ရဲ့ ဆုံးဖြတ်လုပ်ကိုင်တဲ့အပေါ်မှာ မူတည်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မူမတည်တော့ဘူး။ လူထု တခဲနက် ထောက်ခံမှုရ ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အန္တိမနိုင်ငံရေးရည်မှန်းချက်ကလည်း မြင့်တယ်။ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်း။ စစ်တပ်ကို နိုင်ငံရေးက အပြီးတိုင်ဖယ်ရှား။ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်‌ဆောက်ဖို့  အတိအလင်း ကြေညာထားတယ်။  အဲဒီ အလုပ်တွေအတွက် ပီဒီအက်ဖ်တွေနဲ့ ကိုယ်ပိုင်တပ်ကို တည်ထောင်၊ တိုင်းရင်းသား တော်လှန်ရေးတပ်တွေ အကူအညီကို ရယူ၊ လက်တွဲညှိနှိုင်း ဆောင်ရွက်။ အခြေခံဒေသတွေ တည်ဆောက်။  ဒေသခံ ပကဖတွေနဲ့ ချိတ်ဆက် တော်လှန်ရေးကို အားစိုက်ဆောင်ရွက်နေတဲ့ အချိန်။ 

နိုင်ငံတကာ-အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက်ကျတော့   မြန်မာ့အရေးဟာ ပြည်တွင်းရေး သက်သက်လို့ တွင်တွင်ရွတ်ဆိုနေကြရင်း စစ်တပ်ဘက် ပြည်သူ့ဘက် တဘက်ဘက်ကို  တိတိလင်းလင်းနဲ့ ထိထိရောက်ရောက် အဖြေထွက်သွားအောင် ပါဝင်ဆောင်ရွက်တာမျိုး  ခုထိမရှိကြသေးဘဲ   နှစ်ဖက်လုံးကို အကြမ်းမဖက်ကြဖို့ တချက်တချက် ကြားချကောင်းတုန်း၊  ပွဲကြည့်ပရိသတ်အဖြစ်နဲ့  အကဲခတ်ကောင်းတုန်း၊ စစ်တပ်ကိုနိုင်ငံ‌ရေးက မဖယ်လိုက်ဖို့ လော်ဘီနေကြတုန်း ရှိသေးတယ်။ ဒီနေရာမှာ ကိုယ်က နိုင်မြင်းဖြစ်အောင် ပြေးနိုင်မှ ကိုယ့်ဘက်မှာ  လောင်းကြေးလာထပ်ကြမှာဆိုတဲ့  စကားအသုံးဟာ  အဆီလျော်ဆုံးပါပဲ။ ဒီလိုနားလည်ထားတဲ့  တော်လှန်ရေးအင်အားစုတွေကလည်း ငါတို့မှာ ငါတို့ပဲ ရှိတယ်လို့  အချင်းချင်းအားပေးကြရင်း  နောက်ဆုတ်လို့မရ၊ အသက်ချင်းထပ်ထားရတဲ့ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရတယ်ဆိုရင် မမှားနိုင်ပါဘူး။ 

စစ်တပ်အဖြစ်က ပေါက်တဲ့နဖူး မထူးဘူး ဆိုတဲ့ ဇာတ်ကိုဆက် ကြိုးစားပမ်းစား ဆက်ကနေကြတာမျိုး။ ၂၀၂၃ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ပြီး  သူ့သေတွင်းက အရှင် ထွက်နိုင်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ကာလ။   ကရော်ကမယ် ရွေးကောက်ပွဖြစ်သွားရင် ၂၀၀၈ ခြေဥကိုလဲ ဖျက်စရာမလို ။ နိုင်ငံရေးလမ်းစဥ် ကချော်ကချွတ်တွေ နဲ့ ဖွဲ့ထားတဲ့  ခနော်ခနဲ့ပါတီတွေ စုပေါင်း     လှေကြုံစီးနေရာခင်းကြမယ့် ပွဲ မှာ စစ်အိမ်ဖြည့် ပေးရုံ- နိုင်ငံ‌ရေးအစဥ်အလာကြီးမားတဲ့ အနိုင်ရပါတီကြီးတွေ မပါဝင်ပဲ ဗျောက်သောက် တသိုက်ကသာ  အစိုးရဖြစ်သွားပြီဆိုရင် စစ်ဗိုလ်ချုပ်တွေအတွက် သက်ပြင်းချလို့ ရပြီဆိုတဲ့ အိပ်မက်ကို မက်နေကြတာမျိုးပေါ့။ 

အမေရိကန်နဲ့  အနောက်နိုင်ငံတွေ အဖြစ်ကလည်း    ဒီမိုကရေစီနိုင်ငံတွေဖြစ်နေတော့  လက်နက်ကိုင်တော်လှန်ရေးကို  အားပေးလို့ မရဘူး ဆိုတာမျိုး  အကြောင်းပြချက်နဲ့ အကြမ်းမဖက် ဖြေရှင်းကြဖို့  ထိန်းထိန်းသိမ်းသိမ်း ညှိနှိုင်းဆွေးနွေးကြဖို့ တချက်တချက်မှာ ပြောတတ်ကြသေးတယ်။ သူတို့ လက်တွေ့လုပ် နိုင်တာမျိုး က  game changer အလုပ်မျိုးမဟုတ် ပေဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က လုပ်ခဲ့တဲ့ နည်းဟောင်းဖြစ်တဲ့ စီးပွါးရေးပိတ်ဆို့အရေးယူတာတွေ  လက်နက်တင်သွင်းတာကိုကန့်သတ် ပိတ်ဆို့တာတွေ လောက်မှာသာ ။ ( ဒီလောက်ပဲ လုပ်နိုင်မယ် လို့ စစ်တပ်ကလဲ သိထားပြီး  )    တဘက်မှာတော့ ဒီလို  စစ်အာဏာရှင်တွေကို စစ်ရာဇဝတ်မှုတွေအတွက်တာဝန်ယူစေရမယ်၊ တာဝန်ခံစေရမယ် အရေးယူပစ်ရမယ်၊ အိုင်စီစီ ပို့ရမယ်လို့  လူ့အခွင့်အရေးဘက်က လှည့်ပြောရတဲ့အခါတွေလည်း ရှိတတ်ပါသေးတယ်။ တကယ်တော့ အမေရိကန်ပေါ်လစီကော  အာဆီယံပေါ်လစီတွေကော  အခုအထိ တောင်တောင်အီအီတွေ လို့ ပြောရင်မမှားပေဘူး။ မကြာခင်က ကမ္ဘောဒီးယားမှာလုပ်သွားတဲ့ အာဆီယံအစည်းအဝေးကနေ သူတို့ကူညီမယ်ဆိုတဲ့ ငွေကြေးရိက္ခာ ထောက်ပံ့ကူညီမှုတွေကို စစ်ကောင်စီကတဆင့် ကူညီသွားမယ်လို့ ဆုံးဖြတ်ကြတာကိုကြည့်ရင် လက်တွေ့နဲ့ မြေပြင် သူတို့ ဘယ်လောက်ကင်းကွာနေလဲဆိုတာ သိနိုင်ပါတယ်။ ဒီလူ‌တွေ မြန်မာ့နွေဦးတော်လှန်ရေး အရွေ့ကိုကြည့်ပြီး ပြောနေလုပ်နေကြတာပဲလို့ ကျွန်တော်ကတော့ ယုံကြည်ထားတယ်။ မကြာသေးခင်က အမေရိကန်က   ၂၀၂၃ မှာလုပ်မယ့် စစ်တပ်ရွေးကောက်ပွဲကို အယုံအကြည်မရှိဘူးလို့ ကြိုပြောထားတာမျိုးကျတော့ လူထုအတွက် အကျိုးရှိပြန်တယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို  အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်က လူတွေနဲ့တွေ့ခွင့်မပေးတော့ ပဲ လူမသိတဲ့ နေရာမှာချုပ်လှောင်ထားတာမို့ နွေဦးတော်လှန်ရေးနဲ့  သူဟာ ဘာမှမဆိုင်သလိုဖြစ်သွားတယ်။ ဒါကို  သူ့နိုင်ငံရေးက အဆုံးသတ်သွားပြီ။   တနှစ်အတွင်း တိုင်းပြည်ရဲ့ နိုင်ငံရေးစစ်ရေးဖြစ်ပေါ်တိုးတက်မှုတွေကို သူဘာမှမသိနိုင်တော့ဘူးလို့ အကဲဖြတ်ကြပြောဆိုနေကြတာတွေလဲ ကြားရပါတယ်။  မှားနေကြမယ် ထင်တယ်။  

နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာ ရှိတဲ့  NUG၊ NUCC၊ EROs နဲ့ PDF တွေကတော့ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်လည်း ကိစ္စမရှိဘူး။  တော်လှန်ရေးကို အဆုံးအထိ သွားကြမှာသေချာတယ်။ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေဘက်ကတော့  မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကချည်း ပြန်လွှမ်းမိုးသွားတဲ့ အတိတ်နှစ် ၇၀ ကို သိထားကြတာမို့ မြန်မာ့ အကျပ်အတည်းကို  ငွေကုန်ကြေးကျမများ- လူအထိအခိုက်မများတဲ့ အကြမ်းမဖက် စေ့စပ်နိုင်ငံရေးမျိုးနဲ့  သမိုင်းနောက်ကြောင်း တပတ် ပြန်လှည့်သွားနိုင်သေးတယ်လို့ တွက်ခဲ့ပုံရတယ်။ နွေဦးတော်လှန်ရေးက သူတို့ ထင်တာထက် ခရီးပေါက်လာတဲ့အခါ  လူထုတော်လှန်ရေးအပိုင်းကိုလည်း အထင်မသေးရဲပြန်၊ လွှတ်မချ ရဲတော့ပြန်ဘူးဖြစ်နေပုံပေါ်တယ်။ တော်လှန်ရေးမှာ ငါတို့မကူလည်း မြန်မာပြည်သူတွေဟာ  ကိုယ့်အရိုးကိုယ် ကျည်ထိုးပြီး ဆက်သွားကြတော့မယ်ဆိုတာ  ရိပ်စားမိလာတော့ ကူမှကောင်းမယ်ဆိုတဲ့ တာဝန်ဝတ္တရား အသိလေးလည်း တဘက်က ထည့်ထားကြပုံပေါ်တယ်။

ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်နိုင်ငံ‌ရေးမှာ အင်မတန်သြဇာကြီးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ ပေမယ့် နွေဦးတော်လှန်ရေး အစကတည်းက စစ်တပ်လက်ထဲ ကျရောက်သွားတာမို့  ဒီတော်လှန်ရေးမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တာဟာ သူ့အပြစ်မဟုတ်ပါဘူး။ စစ်တပ်က  သူ့ကို အပြီးထိန်းချုပ်ပြီး လိုအပ်လာခဲ့ရင် အပေးအယူကတ်တခု bargaining chip အနေနဲ့ နိုင်ငံရေး ကစားဖို့ ကြံစည်ထားပုံဟာ သူ့ပါဝါ သူ့အရှိတရား။ နှစ်တစ်ရာကျော် ထောင်ချပြီးမှ လွတ်ငြိမ်းခွင့် ပေးလိုက်ရင် စစ်တပ်က လူကြီးလူကောင်းဆန်ပါလားလို့  နိုင်ငံတကာက မြင်ကောင်းမြင်နိုင် အမြတ်ထွက်နိုင်သေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကို ပြတ်ပြတ်သားသား ဝင်ရောက် ယှဉ်ပြိုင်စေခြင်း-အပြတ်အသတ်အနိုင်ရခြင်း၊ တနည်း သူဟာ  (အတ္ထိပစ္စယော) ရှိခြင်းနဲ့ အထောက်အပံ့ပြု အကျိုးပြုခဲ့တယ်။ NLD သာ ရွေးကောက်ပွဲမဝင်ခဲ့ရင် စစ်တပ်က အာဏာသိမ်းစရာလိုဦးမလား။ နွေဦးတော်လှန်ရေး တမင်တကာဖြစ်လာအောင် တနိုင်ငံလုံး ပါလာရအောင် ဘယ်သူတွေက ဦးဆောင်ခဲ့ကြမှာလဲ။ ဒီ နွေဦးတော်လှန်ရေးရဲ့ အဓိက မောင်းနှင်အားက လူထုတရပ်လုံးရဲ့ မဲဆန္ဒတွေကို နင်းချေခံရတဲ့ အချက်နဲ့  အေးချမ်းစွာဆန္ဒပြကြတဲ့ အချိန်များမှာ အသက်တွေ၊ ဘဝတွေ၊ ခန္ဓာတွေ ပေးဆပ်ရင်းနှီးခဲ့တဲ့ နွေဦးသူရဲကောင်း အာဇာနည်တွေကြောင့်ဆိုတဲ့ အချက်တွေက အဓိကကျတဲ့ အချက်တွေပါ။ ဘယ်နိုင်ငံခြားကမှ  လာပြီး ပစ္စယောခဲ့တာ မဟုတ်ပေဘူး။ 

ဒေါ်အောင်ဆန်းစုကြည်ကို နွေဦးတော်လှန်ရေးမှာ  လူထုနဲ့ အဆက်ပြတ်သွားအောင် စစ်တပ်က လုပ်ထားလိုက်တော့  နေရာကဏ္ဍ အသီးသီး အဖွဲ့အစည်းအသီးသီးက တော်လှန်ရေးသမားတွေဟာ ဘာဆက်လုပ်ရမလဲဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး လုပ်စရာရှိတာတွေကို ဆက်တိုက် (ဒေါ်အောင်ဆန်းစုကြည် သြဇာမပါ ညွှန်ကြားချက်တွေ မပါ) လုပ်နိုင်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်အရိပ်မရှိဘူး။ တနည်း ဒေါ်အောင်ဆန်းစုကြည်ဟာ (နတ္ထိပစ္စယော) မရှိခြင်းနဲ့ အကျိုးပြုခဲ့တယ်။ 

နိုင်ငံရေးမှာ ဘေးတိုက်လိုက်သူတွေ၊ တော်လှန်ရေးအတွင်း  ပေါ်လေ့ရှိတဲ့ personal  branded တွေ၊ organizational branded တွေ။ လှေကြုံလိုက်ပြီး ပဲ့ကိုင်လုပ်ချင်တဲ့ လူတချို့ အတွက်တော့  အာဆီယံနဲ့ အနောက်ကမ္ဘာက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ရှိနေစေသေးခြင်း၊ သူ့သြဇာ ဆက်ညောင်းနေသေးခြင်းဟာ  ခံရခက်စရာ ဝေဒနာတခုပါ။ 

တကယ်တော့ သူမရဲ့ နိုင်ငံရေးခရီးဟာ မြန်မာပြည်ရဲ့အတက် မြန်မာပြည်ရဲ့ အကျနဲ့ တိုက်ရိုက် အချိုးကျနေတယ်ဆိုတာကို မြင်ပြီး၊ သူမ ထောင်ကျနေတဲ့ အချိန်မျိုးမှာ ကိုယ်က တက်မ ထောင်နိုင်သေးတာကို အကောင်းမြင်မယ်။ သူမဟာ ၇၇ နှစ်ရှိပြီ၊ အနားယူမယ်ဆိုလည်း ယူထိုက်တဲ့ အရွယ်ဆိုတာကို သိမြင်ပေးမယ်။   သူမဟာ မြန်မာနိုင်ငံအတွက် ဧရာမ နိုင်ငံရေး အရွေ့တွေကို ၃၅ နှစ်ကြာအောင် လုပ်ပေးခဲ့တယ်လို့ နှလုံးသွင်းနိုင်မယ်ဆို သူ့မွေးနေ့ အခုအချိန်မှာ  ဆုတောင်းမပေးနိုင်သေးတဲ့တိုင် ကိုယ့်ဘာသာတည်ဆောက်နေမှုကို အထောက်အကူပြုရာ ကျပါတယ်။ ကိုယ်ဆက်လုပ်ရမယ့်  အနာဂတ် ဧရာမစိန်ခေါ်မှုတွေအတွက် ပြင်ဆင်ရာကျပါတယ်။  သူ့ရဲ့ စိတ်ရှည်သည်းခံနိုင်မှု၊ မြော်မြင်နိုင်မှု၊ ပြည်သူကို အနာအကျင် နည်းအောင်လုပ်ပေးနိုင်ခဲ့မှုတွေကို အသိအမှတ်ပြု  အောက်မေ့‌ပေးရင်း  ကိုယ့်အလှည့်မှာလည်း သူ့လိုပဲ  ရှိခြင်း၊ မရှိခြင်းတွေနဲ့  တိုင်းပြည်ကို  ကျေးဇူးပြုနိုင်ခဲ့ရင်   အကောင်းဆုံးလို့ထင်ပါတယ်။ 

ခွန်ဆိုင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024