အီဂျစ် စစ်တပ်အကြီးအကဲ ရွေးကောက်ပွဲဝင်ရန် စစ်ယူနီဖောင်းချွတ်မည်

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရတဲ့ သမ္မတ မိုဟာမက်မော်ဆီကို ဖြုတ်ချခဲ့တဲ့ အီဂျစ်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် အဘီဒယ် ဖာတ်တာ အယ်လ်စီစီ က အီဂျစ်သမ္မတ ရွေးကောက်ခံဖို့ စစ်ယူနီဖောင်းချွတ်တော့မယ့်လို့ ပြီးခဲ့တဲ့ မတ် ၂၆ ရက်နေ့က ကြေညာခဲ့ပါတယ်။ Egypt's Sisiစစ်ယူနီဖောင်းဝတ်နဲ့ တိုင်းပြည်ကို နောက်ဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ တိုင်းပြည်ကို ကာကွယ်ဖို့ ယူနီးဖောင်းချွတ်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ ဆိုပြီး စစ်မှုထမ်းတဦးအဖြစ်နဲ့ သူ့ရဲ့ဘ၀တလျှောက်လုံးကို တိုင်းပြည်ကို ပေးအပ်ခဲ့ပြီး ဖြစ်တယ်။ အီဂျစ်ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အီဂျစ်နိုင်ငံရဲ့ သမ္မတအခွင့်အာဏာကို ရယူမယ်လို့ ပြောဆိုခဲ့ပါတယ်။ လာမယ့်လမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး အယ်စီစီ အလွယ်တကူ အနိုင်ရနိုင်မယ်လို့ ဆိုပါတယ်။ အီဂျစ်နိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး ဂုဏ်သိက္ခာ ရှိတဲ့တိုင်းပြည်တခုအဖြစ် ပြန်လည် တည်ဆောက်မယ်လို့ အယ်လ်စီစီက ဆိုပါတယ်။ ပြီးခဲ့တဲ့ အစိုးရ ၂ ဆက်ကို ဖြုတ်ချခဲ့တာဟာ ဘယ်နိုင်ငံရေး အင်အားစုနဲ့ ဘယ်စစ်တပ်ကမှ မဟုတ်ပဲ အီဂျစ်ပြည်သူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၅၉ နှစ်ရှိ အယ်လ်စီစီဟာ ကျင်းပမယ့် ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရနိုင်တယ်လို့ ဆိုပြီး ၁၉၅၂ နောက်ပိုင်း စစ်တပ်နောက်ခံရှိတဲ့သူတွေကသာ သမ္မတဖြစ်ခဲ့တဲ့ အစဉ်အလာကို ပြန်လည်အသက်သွင်းမှာလည်း ဖြစ်ပါတယ်။ ရွေးကောက်ခံ သမ္မတ မိုဟာမက်မော်စီကို ရာထူးကနေ ဖြုတ်ခဲ့ပြီးနောက်ပိုင်း ဗိုလ်ချုပ် အယ်လ်စီစီဟာ အီဂျစ်နိုင်ငံမှာ တန်ခိုးအာဏာအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာပြီး နိုင်ငံရေးသြဇာရှိတဲ့ သမ္မတဟောင်း မိုဟာမက်မော်စီရဲ့ မွတ်စလင်ညီအကိုတော်များပါတီဟာလည်း တရားမ၀င် အကြမ်းဖက်ပါတီအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အီဂျစ်နိုင်ငံသားအများအပြားဟာလည်း အယ်လ်စီစီကို အီဂျစ်နိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် လိုကို လိုအပ်တဲ့ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ကြပါတယ်။ အငြိမ်းစားတဦးဖြစ်တဲ့ အယ်လ် အယာဘီလ် က “ဗိုလ်ချုပ်အယ်လ်စီစီ ရွေးကောက်ခံမယ်ဆိုတော့ ၀မ်းသာပါတယ်။ နိုင်ငံအတွက် တကယ်အလုပ်လုပ်သူ ဖြစ်ပြီး နိုင်ငံကို ဦးဆောင်နိုင်ခဲ့တယ်။ ကျနော်တို့အားလုံး သူကို ထောက်ခံမယ်” လို့ ပြောဆိုပါတယ်။ တဖက်မှာလည်း အယ်လ်စီစီဟာ လူထုက လွတ်လွတ်လပ်လပ်ရွေးကောက် တင်မြောက်ခဲ့တဲ့ သမ္မတကို ဖြုတ်ခဲ့ရာမှာ အဓိကကျသူအဖြစ် မွတ်စလင်အတိုက်အခံတွေက သတ်မှတ်တာတွေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က မွတ်စလင်ညီအကိုတော်များပါတီဝင်နဲ့ ထောက်ခံသူ ၅၀၀ ကျော်ကို သေဒဏ်ချခဲ့တာကို မကျေနပ်လို့ လူ ၁ ဦး သေဆုံးခဲ့တဲ့ လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေချိန်မှာပဲ အယ်လ်စီစီရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကို ထုတ်ဖော်ကြေညာခြင်းတော့ မရှိသေးပါဘူး။ ၂၀၁၂ ရွေးကောက်ပွဲတုန်းက တတိယရွေးကောက်ခံခဲ့ရတဲ့ လက်ဝဲယိမ်း နိုင်ငံရေးခေါင်းဆောင် ဟမ်ဒိမ်း စဘာဟီ ၁ ဦးပဲ ဗိုလ်ချုပ်အယ်လ်စီစီနဲ့ ယှဉ်ပြိုင်ရွေးကောက်ခံဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ် ဆက်ကီ ဆိုဘဟီက ဗိုလ်ချုပ် အယ်လ်စီစီရဲ့ ကြည်းတပ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးနေရာတွေကို ရယူဖွယ် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up