အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက ရောင်းချနေရာမှာ လတ်တလောအချိန်ထိ အမေရိကန်ဒေါ်လာ ၇ သန်းခွဲဖိုး၊ ၇၅ ရာခိုင်နှုန်းကျော်ထိ ရှယ်ယာရောင်းချထားရပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။
ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်း ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။
“နိုင်ငံသစ်ဟာ ဆုတောင်းရုံနဲ့တော့ မရ။ နွေဦးတော်လှန်ရေး အောင်မြင်မှသာ၊ အောင်မြင်ဖို့ အားလုံးပါဝင် တိုက်ပွဲဆင်မှသာ ရပါမယ်။ EOD ဟာလည်း တော်လှန်ရေးအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်လို့ ဝယ်ယူကြပါ။ မိမိရဲ့ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေတွေ ဝယ်ယူဖို့ အဆင်ပြေအောင် ကူညီလမ်းညွှန်ပေးကြပါ။ EOD ရှယ်ယာ အရောင်းဟာ ဒေါ်လာ ၇ ဒသမ ၅ သန်းကျော်သွားပြီ။ ပထမ ပရောဂျက် ၁၄ အင်းယားရဲ့ ၇၅ ရာခိုင်နှုန်း ကျော်ပြီပေါ့။ EOD နဲ့ အခြားပရောဂျက်တွေရဲ့ ထောက်ကူမှု ရလဒ်အဖြစ် နွေဦးတော်လှန်ရေးရဲ့ အရွေ့တွေ၊ အောင်မြင်မှုတွေ မြင်နေရပါပြီ။ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်း အောင်မြင်သော တော်လှန်ရေး ဆိုတာ တကယ်တော့ မအောင်မြင်သေးတာပါပဲ။ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ရပါမယ်။ တော်လှန်ရေး အောင်ဖို့ ဆက်တွန်းကြပါ။” လို့ The End of Dictatorship-EOD က ပြောပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈,၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းက ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက် ရှိပါတယ်။
ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။