ကာလိုင်ဇွပ်အောင်စစ်ရှောင်ပြည်သူများ ထပ်မံရှောင်တိမ်းရပြီး အရေးပေါ် အကူအညီလိုအပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ဇွပ်အောင်စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေ ဇွန် ၁၇ ရက်က လက်နက်ကြီးကျရောက် ပေါက်ကွဲ သေဆုံးမှုတွေ ရှိလာတာကြောင့် အနီးနား ရွာဘက်နဲ့ ကွတ်ခိုင်ဘက် ထပ်မံ ရှောင်တိမ်းရပြီး အရေးပေါ် ဆေးဝါး၊ မိုးကာ၊ ဓာတ်မီးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

စစ်ရှောင် ပြည်သူတဦးက "တချို့ ကွတ်ခိုင် မနောကွင်းမှာ ရှောင်ကြတယ်။ တချို့က ဒေါင်လုန်ရွာ၊ စစ်ရှောင်စခန်းနဲ့ နီးတဲ့ရွာမှာ။ တချို့ကဒီမှာပဲ။ သာသနာ့ ဝန်ထမ်းတွေနဲ့ တချို့က ဒီမှာ အလောင်းတွေရှိနေတော့ ရှောင်လို့ မရသေးဘူး။" လို့ပြောပါတယ်။

ဆေးဝါးပစ္စည်းတွေ၊ အမိုးနဲ့ မီး အလင်းအတွက် အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

"ခုက ဆေးဝါးပစ္စည်းနဲ့ မိုးကာတွေ၊ ဓာတ်မီးတွေ အရေးပေါ် လိုအပ်နေတယ်။ မီးဖွားခါစ တလ မပြည့်သေးတဲ့ မီးနေသည်တွေရော၊ ကလေးတွေရော၊ မိခင်တွေရော ဖျားနေကြတယ်။ မိုးရွာထဲ ထွက်ပြေးရတော့။" လို့ စစ်ဘေးရှောင် တဦးကပြောပါတယ်။

စစ်ရှောင်စခန်းအနီးက ဒေါင်လုန်ရွာမှာ လူဦးရေ ၄၀၀ ကျော် ရှောင်တိမ်းကြပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေကိုတော့ ကွတ်ခိုင်မနော်ကွင်းမှာ လူမှုကူညီရေး အသင်းတွေက သွားရောက် ကြိုပို့ခဲ့ပြီး တချို့ကိုတော့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ အကူညီတောင်း နေရာချထားပေးခဲ့ကြောင်း အကူညီ ပေးသူတွေ ဆီက သိရပါတယ်။ 

ဒေါင်လုန် ဘက်ကမ်းမှာ ၄၀၀ ကျော်။ ကွတ်ခိုင်ဘက်မှာ ၂၉၃ ဦး  လက်ရှိ ကူညီပေးနေတဲ့ ဆရာ တဦးက ပြောပါတယ်။

ဇွန်လ ၁၇ ရက် မနက် ၁၁ နာရီ ဝန်းကျင်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ကွတ်ခိုင်စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကာလိုင်ဇွပ်အောင် စစ်ရှောင်စခန်းထဲ ကျရောက်ပေါက်ကွဲကာ မူကြိုဆရာမ တယောက်နဲ့ သူ့ရဲ့ မိခင်တို့ ပွဲချင်းပြီး သေဆုံးကာ  အမျိုးသား နှစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လတ်တလော ဇွန် ၁၅ ရက်ကစပြီး ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ K.I.‌A, PDF ပူးပေါင်းအဖွဲ့တို့အကြား  ၃ ရက်ဆက်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိထိစစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ 

အဲဒီဒေသမှာတော့ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့တွေ၊ ကိုးကန့် MNDAA, TNLA, K.I.A, PDF နဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေ လှုပ်ရှားသွားလာရာ နေရာဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ နေရာလည်း ဖြစ်ပါတယ်။

Photo Crd-ဒေသခံ

//
More News
Up