ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၊ ကျောက်စရစ်ရွာအထွက်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတချို့ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ကျောက်စရစ်ရွာ အဝင်ဂိတ်စခန်းကို ဒီနေ့ ဇွန် ၁၇ ရက် မနက် အစောပိုင်းက ချထားတဲ့ ကေအန်ယူတပ်က တက်ရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စခန်းသိမ်းမှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှ အသေးစိတ်ကို မသိရသေးပေမယ့် ဒီလို တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီဘက်က ရွာတွေဘက်ကို လက်နက်ကြီတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အခု ၁ နာရီခွဲအထိ ပစ်ခတ်တာတွေ ရှိနေသေးတာပေါ့နော်။ ပြီးလို့ရှိရင် ကျောက်စရစ်ရွာထဲကိုလည်း လက်နက်နက်ကြီးတွေကျတယ်။ အိမ်တွေ၊ နွားတွေ တိရိစ္ဆာတွေလည်း ထိတယ်ပေါ့နော်။ အခုဆိုရင် ရွာတွေကလည်း ဟိုပြေးဒီပြေး လွှတ်မယ်ထင်တဲ့နေရာတွေကို ပြေးနေလွှားနေရတယ်။ မိုးရွာထဲမှာလည်း ဒုက္ခတွေနဲ့ပြေးလွှားနေရတယ်။”
ဒါ့အပြင် ကျောက်စရစ်ရွာနဲ့ မလှမ်းမကမ်း မျက်နှာချင်းဆိုင်ရွာဖြစ်တဲ့ အင်တိုင်းကုန်းရွာက ဒေသခံတွေလည်း လက်နက်ကြီးကျရောက်မှာ စိုးရိမ်ပြီးတော့ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဆိုပါတယ်။
“သူတို့ရွာထဲမှာတော့ လက်နက်ကြီးကျတာမျိုးတော့မရှိသေးဘူး။ တခုပဲ သူတို့ရွာလည်း ကြိုတင်ပြီးတော့ ရှောင်ပြေးနေရတဲ့ အနေအထားမျိုးမှာတော့ ရှိတယ်ပေါ့နော်။ အခု တရွာလုံးပဲ ပြေးနေရတယ်။ ရွာထဲမှာ ဘယ်သူမှ မရှိသလောက်ပါပဲ။”
ကျောက်စရစ်ရွာက ကေအန်ယူ တပ်မဟာ ၃ နယ်မြေမှာရှိတဲ့ ကျေးရွာဖြစ်ပြီး KNLA-တပ်ရင်း(၉)က အဆိုပါ စခန်းကို တက်သိမ်းတာလို့သိရပါတယ်။