စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဇွန် ၁၅ ရက်က စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာတဲ့ ကားတွေနဲ့ ပျူစောထီးအဖွဲ့ကားကို နေရာ ၃ နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ရွှေဘိုမြို့နယ် တည်သီးတော၊ ညောင်ကိုင်း၊ ဇီးဖြူကုန်းကျေးရွာတွေကနေ တိုက်ခိုက်ခံရလို့ နာရေးကားနဲ့ သယ်ဆောင်လာတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇွန် ၁၅ ရက် ညနေ ၆ နာရီခွဲလောက်က ပထမအကြိမ်အဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ည ၈ နာရီမှာ ပြည်သူတွေဆီက လုယက်လာတဲ့ ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ ဘီးကား၊ ၁၀ ဘီးကား၊ Express ကားပါ သုံးစီးကို ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက် အသေအပျောက်များတယ်လို့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တတိယအကြိမ်အဖြစ် ည ၉ နာရီလောက်က ပျူစောထီးအဖွဲ့ဝင် ၂ ဦး လိုက်ပါမောင်းနှင်လာတဲ့ ပရိုဘောက်အမျိုးအစား ကားတစီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာမှာ ကားကိုထိမှန်ပြီး မောင်းပြေးသွားတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ Phonenix (SSG) အဖွဲ့ တာဝန်ရှိသူတဦးက “မနေ့ညနေပိုင်းကစပြီး Mission စလုပ်တာ။ ရန်သူ (စစ်ကောင်စီတပ်ဖွဲ့) ဘက်က အထိအခိုက်များတယ်ဆိုတာပဲ သိထားပါတယ်။ ပျူတွေမောင်းလာတဲ့ ကားကိုလည်း သတင်းအတိအကျရလို့ စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ လောလောဆယ် ရန်သူ အထိအခိုက် အသေအပျောက်စာရင်း အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Phonenix (SSG)၊ နယ်စည်းမခြားစစ်ကိုင်းသား၊ အညာသားလေး (SSG)၊ The Pentagram (ငါးထောင့်ကြယ်) မဟာမိတ်ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေပြီး အထူးသဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ အထိနာနေပါတယ်။