စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲပြီး ဒေသခံရွာသားတွေကို စစ်သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဇွန် ၁၆ ရက် မနက် ၁၁ နာရီကစတင်ပြီး နေ့လယ် ၁၂ ခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာအနီးက လက်ပကန်ရွာသားတဦးက “အစပိုင်းကတော့ မိုးခြိမ်းတာလားလို့ ထင်နေတာ။ ပစ်တဲ့အသံက တချက်ချင်းပစ်နေကြတာ။ နောက်ပိုင်းတော့ လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်အသံတွေရော ဆူညံနေအောင်ကို ကြားရတယ်” လို့ ပြောပါတယ်။
ဇီးဖြူကုန်းကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်ကလည်း လက်ပကန်ရွာဘက်ကို စစ်ကြောင်းထိုးကာ အပစ်မဲ့ အသက် ၆၀ ကျော် အမျိုးသမီးတဦး၊ အသက် ၇၀ ကျော် အမျိုးသားနှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်နေက “ဒီနေ့တိုက်ပွဲကတော့ ၆၀ မမ ၁၅ လုံးနဲ့ ကျနော်တို့ တိုက်ပွဲအစပိုင်းမှာ ဖြစ်ပါတယ်။ နောက်ပိုင်း လက်နက်ငယ်တွေပါ အသုံးပြုပြီး သူပစ် ကိုယ်ပစ် တိုက်ပွဲဖြစ်ခဲ့တယ်။ အထိအခိုက် အကျအဆုံးကတော့ အတိအကျ မပြောနိုင်သေးဘူး။ ကျနော်တို့ဘက်ကတော့ လုံးဝ အထိအခိုက်မရှိခဲ့ဘူး။ အခုလို ဒီစ(--)တွေကို ဘာကြောင့်တိုက်ရတာလဲဆိုတော့ သူတို့က ရိက္ခာပြတ်ရင်လည်း အနီးပတ်ဝန်းကျင်က ရွာတွေလာပြီး အနိုင်ကျင့် ပစ္စည်းလုယူတာတွေနဲ့ ဒေသခံတွေကို သတ်ဖြတ်တာတွေ ပြုလုပ်လို့”လို့ ပြောပါတယ်။
အခုတိုက်ပွဲမှာ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၂ Aung San Force၊ Royal Eagle၊ ပုံတောင်တိုက်ဂါးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။