Home
မြန်မာသတင်း
တောင်ကြီးမြို့က ​ Non-CDM ကျောင်းဆရာ၊ ဆရာမများကို ပြောက်ကျားတပ်ဖွဲ့ သတိပေး
DVB
·
June 16, 2022

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် Non-CDM ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်၊ ဆရာ ဆရာမတွေက ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေ၊ CDM ဆရာ၊ ဆရာမတွေကို ကျောင်းပြန်တက်ဖို့ ခြိမ်းခြောက်နေတဲ့အပေါ် Taunggyi Guerilla Force (TGF) က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

တောင်ကြီးမြို့ ပြောက်ကျားတပ်ဖွဲ့ဝင်တဦး​က “အဓိကက တဦးတယောက်တည်းကို ရည်ရွယ်ပြီး ထုတ်ပြန်တာ မဟုတ်ပါဘူး။ CDM ဆရာ၊ ဆရာမတွေကို ကျောင်းမှာ ဆရာ၊ ဆရာမ မလုံလောက်လို့ CDM ဆရာ၊ ဆရာမတွေကို ကျောင်းပြန်လာတက်ဖို့၊ မတက်ရင် အိမ်လိပ်စာပေးပြီး စကစကို ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်။ နောက်ပြီး ဒုကျောင်းအုပ်တယောက်က ကျောင်းသားကျောင်းသူတွေကို သူ့အဆောင်မှာ လာမနေရင် အတန်းမတင်ပေးဘူးဆိုပြီး ကျောင်းသားမိဘတွေကို ခြိမ်းခြောက်ပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့ ဆရာ၊ ဆရာမတွေ အားလုံးကို ရည်ရွယ်ပြီး ထုတ်ပြန်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြန်ဖွင့်ပြီး စာသင်နေရပေမဲ့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖြစ်နဲ့ မနေဘဲ အရင်လို ဆရာပီသတဲ့ ဆရာ၊ ဆရာမတွေအဖြစ် နေပေးကြဖို့ တောင်ကြီးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

တောင်ကြီးမြို့ပြ ပြောက်ကျားတပ်ဖွဲ့အနေနဲ့ စာသင်ကျောင်းတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး အခုလိုလုပ်ရပ်မျိုး ဆက်လက်ကျူးလွန်နေပါက တခြား မဆိုင်တဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ မထိခိုက်အောင် အတတ်နိုင်ဆုံး ရှောင်ရှားပြီး ထိုက်သင့်တဲ့ လုပ်ဆောင်ချက်တွေ လုပ်သွားမယ်လို့ ပြောပါတယ်။

Taunggyi Guerilla Force (TGF) ပြောက်ကျားတပ်ဖွဲ့ဟာ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို အားဖြည့်ကူညီပေးနေရတာကြောင့် မြို့ပေါ် mission တွေကို ခဏတာ ရပ်နားထားရပေမဲ့ မြို့တွင်းရှိ စစ်ကောင်စီရဲ့လက်ကိုင်တုတ် ဒလန်တွေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ် ကုပ်သွေးစုတ်နေသူတွေရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းပြုစုထားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024