မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်က ကျောင်းသားတွေ ကျောင်းတက်နေတဲ့ ကျပ်ပြင်စျေးကျောင်းနဲ့ အထက ၁ အထက်တန်းကျောင်းတွေမှာ ဇွန် ၁၅ ရက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့လယ် ၁၂ နာရီဝန်းကျင်က ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျပ်ပြင်ဈေးကျောင်းမှာ ဗုံးပေါက်ကွဲပြီးတဲ့နောက် ၃ မိနစ်ဝန်းကျင်ခြားကာ နောက်ထပ် အထက ၁ ကျောင်းမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းဝင်းအတွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပေမဲ့ ကျောင်းသားတွေတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိသလို ကျောင်းတွေကလည်း ထိခိုက်ပျက်စီးခဲ့တာမရှိဘူးလို့ ဆိုပါတယ်။
အဲဒီလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း နေ့လယ် ၂ နာရီလောက်မှာ ကျပ်ပြင်ရဲစခန်းပါ ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး သေနတ်ပစ်ခတ်သံ ၁၀ ချက်လောက်ကြားရကာ ရဲစခန်းအနီးနားက ဆိုင်တွေအားလုံး ပိတ်လိုက်ကြပြီး မိုးကုတ်တမြို့လုံးနီးပါး လူသွားလူလာ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို မသိရှိရသလို ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကလည်း အမက ၆၉ က Non CDM ကျောင်းအုပ်အိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။