Home
မေးမြန်းခန်း
တိုင်းရင်းသားတွေနဲ့ဆွေးနွေးပြီးရင် NUG ၊ PDF စဉ်းစားမယ်- ALP ပြောခွင့်ရ ဗိုလ်ချုပ် ခိုင်စိုးမြနှင့် မေးမြန်းချက်
အောင်သူ
·
June 14, 2022

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့အဖွဲ့က ဇွန် ၁၃ ရက်က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တွေ့ဆုံပြီး ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေဆွေးနွေးခဲ့ပါတယ်။ 

အဏာသိမ်းစစ်တပ်ဟာ တိုင်းရင်းသားအရေးကိစ္စကိုအရင် ဆွေးနွေးပြီးမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဆွေးနွေးမယ်ဆိုတဲ့ သဘောထားကိုသိခဲ့တယ်လို့  စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ (ALP) ပြောခွင့်ရသူ ဗိုလ်ချုပ်ခိုင်စိုးမြက ဒီဗွီဘီကို ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP  ဗိုလ်ချုပ်ခိုင်စိုးမြကို ဒီဗွီဘီ သတင်းထောက် အောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။  နေပြည်တော်မှာ ရခိုင်ပြည်နယ်အရေးဆွေးနွေးကြတဲ့အခါမှာ ဘာတွေကို ဓိကထားပြီး ဆွေးနွေးကြလဲ။

ဖြေ။ “ဖယ်ဒရယ်ပြည်ထောင်စုကို ဘယ်လို တည်ဆောက်ရမလဲ၊ ဖယ်ဒရယ်ပြည်ထောင်စ ဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အပိုင်းတပိုင်း။ နောက်တပိုင်းကကျတော့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ အပိုင်းတပိုင်းပေါ့။ အပိုင်းနှစ်ပိုင်းနဲ့ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ကျနော်တို့ အဓိကကတော့ ရခိုင်ပြည်နယ်အရေးကို အဓိကထားပြီးတော့ ဆွေးနွေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီဆိုတဲ့အခါကျတော့ ရခိုင်ပြည်သူကိုကိုယ်စားပြုပြီးတော့ ကြတဲ့အခါကျတော့ ရခိုင်ပြည်နယ်အရေးဟာ ကျနော်တို့အရေးပဲ။ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဒီနေ့ဒီအခါ နောက်ကျနေတဲ့အကြောင်း၊ ဒီထက်မက ရခိုင်လူထု၊ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ပေါ့။ အဲဒီအကြောင်းတွေကို ဆွေးနွေးခဲ့ပါတယ်။”

မေး။ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးတဲ့အခါမှာ အစောတုန်းက ပြောသွားသလို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ကိစ္စတွေ ဆွေးနွေးတယ်ပြောပါတယ်။ အခု လက်ရှိ မြေပြင်အနေအထားက ရတဲ့သတင်းတွေကို ကျနော်တို့ ပြောရမယ်ဆိုရင် စစ်တပ်က ရခိုင်ပြည်နယ်ထဲကို စစ်အင်အားလုံးအရင်းနဲ့ တိုးချဲ့နေတာတွေကို လုပ်ဆောင်နေတဲ့ကိစ္စတွေ ရှိပါတယ်။ ဒီကိစ္စတွေကိုကော ဆွေးနွေးခဲ့တာ ရှိပါသလား။

ဖြေ။ “ဒီကိစ္စကိုတော့ ကျနော်တို့က သတိထားမိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟိုတခေါက်ကျ ဆရာတို့ပြောတဲ့ တယောက်ကို ကျနော်တို့ သတိထပ်ပေးပါတယ်။ ပေးပြီးတော့ ကျနော်တို့ သူတို့နဲ့ဆွေးနွေးပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့၊ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တဘက်က လုပ်ပြီး ရှိနေတဲ့ ပြဿနာကိုလည်း တဘက်က ရှင်းဖို့လိုတယ်ဆိုတဲ့ ကိစ္စကိုလည်းကျနော်တို့က ပြောဖြစ်ပါတယ်။”

မေး။ ရခိုင်မှာ တပ်အင်အား တိုးချဲ့ ချထားတာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အောင်စီဥက္ကဋ္ဌက  ဘာများပြောခဲ့တာ  ရှိပါသလဲ။

ဖြေ။ “အဲဒီကိစ္စနဲ့ကတော့ ကျနော်တို့ကိုတော့ ဘာမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့လို့ ကျနော်တို့က တွေ့လို့ရှိရင် ပြောတဲ့ဟာက ပြဿနာတခုကို ဖြေရှင်းတဲ့နေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနေတာလုပ်ဖို့၊ နောက်ပြီးတဖက်နဲ့တဖက် အမြင်မတူတဲ့ကိစ္စကို တဖက်နဲ့တဖက် စကားပြောနိုင်မှ ကျနော်တို့ အဖြေရှာလို့ရမယ်။”

မေး။ ရခိုင်ပြည်နယ်မှာရှိတဲ့သူတွေက အေအေအပေါ်မှာ ယုံကြည်အားကိုးမှုရှိတယ်ပေါ့နော်။ အဲတော့ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးကြတဲ့အခါမှာ အေအေမပါဘဲ ဆွေးနွေးတာက ထိရောက်မယ်လို့ ထင်ပါသလား။

ဖြေ။ “ ဘာဖြစ်ဖြစ် အေအေဆို ရခိုင်ပြည်အရေးအတွက် သူတို့လည်း အရေးဆိုနေတဲ့လူတွေ ဖြစ်သလို ကျနော်တို့ ALP ကလည်း ရခိုင်ပြည်နယ်အတွက် အရေးဆိုနေတဲ့လူတွေဖြစ်တယ်။ အတူတူပါ။ ရခိုင်ပြည်အရေးကိုအတူတူ ဆိုနေကြတဲ့သူတွေပဲ။ ဒါပေမဲ့ ဒီနေ့ သူတို့ကို ထောက်ခံမှုအားကောင်းတယ်ဆိုတာ ကျနော် မငြင်းပါဘူး။ ဘာပဲဖြစ်ဖြစ် ရှိတဲ့ပြဿနာကို တဖက်က ဖြေရှင်းဖို့ ကြိုးစားသလို တဘက်ကလည်း ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို အမြန်ဆုံးအကောင်အထည်ဖော်အောင် လုပ်ဖို့လိုတယ်ဆိုတဲ့ သဘောထားကို ကျနော်တို့ ဒီမှာ သူတို့ကို ချပြခဲ့ပါတယ်။”

မေး။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးတော့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဘယ်လိုမျိုး ဂတိကဝတ်တွေ ပေးလိုက်ပါသလဲခင်ဗျာ။

ဖြေ။ “ကတိကဝတ်တွေပေးလိုက်တဲ့ဥစ္စာကတော့ သူတို့လည်း လုပ်ပေးဖို့အတွက် နည်းလမ်းရှာနေပါတယ်။ သူတို့အနေနဲ့ လုပ်လို့ရတဲ့ဥစ္စာကိုလည်း သူတို့တွေ့ထားပါတယ်လို့ သူတို့ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒီဥစ္စာ အကောင်အထည်ဖော်ဖို့အတွက် နည်းလမ်းရှာနေတယ်။ အကောင်အထည်ဖော်ဖို့ ဆိုတဲ့နေရာမှာ ထိထိရောက်ရောက်ဖော်နိုင်ဖို့အတွက် လက်တွေ့ကျနေတဲ့လူတွေနဲ့ဆွေးနွေးနေပါတယ်။”

မေး။ “ဒါဆိုရင် တိတိကျကျ လုပ်ပေးမယ်၊ တိတိကျကျ ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ တခုမှ မရခဲ့ဘူးလို့ ပြောလို့ရမှာပေါ့နော်။”

ဖြေ။ “အဲဒီကိစ္စနဲ့ပတ်သက်တာတို့က ကျနော်တို့ကတော့ လုပ်ပေးမယ်လို့တော့ ဗိုလ်ချုပ်မှူးကြီးက ပြောလိုက်ပါတယ်။ နောက်ထပ် နှစ်ရက်ဆွေးနွေးစရာရှိသေးတယ်လေ။ ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဆွေးနွေးနေတာရှိတယ်။ အဲဒီနေရာကနေပြီးတော့ ခင်ဗျားတို့ ကနေပြီးတော့ ပွင့်ပွင့်လင်းလင်းပြန်ပြီးဆွေးနွေးပါ။ လုပ်ပေးဖို့အတွက်ကတော့ သူအာမခံပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အောက်ကနေပြီးတော့ နှစ်ရက်တာ ဆွေးနွေးစရာရှိတာ ဆွေးနွေးပါဆိုပြီး ကျနော်တို့ကို အဲလို သဘောထားပေးလိုက်ပါတယ်။”

မေး။ အခု တိုင်းရင်းသားတွေကို ခေါ်ယူပြီးတော့ အာဏာသိမ်း စစ်ကောင်စီက အခုလိုမျိုးတွေ့ဆုံဆွေးနွေးမှု လုပ်နေတာက တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ငြိမ်းချမ်းရေးကို ရမယ်လို့ ဗိုလ်ချုပ်တို့အနေနဲ့ မျှော်လင့်ပါသလား။

ဖြေ။ “လောလောလတ်လတ်ကတော့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ အချိန်တော့ ယူရမယ်လို့ကျနော်တို့ ထည့်တွက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့အခု ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ကျနော်တို့ စကားမပြောဘဲနဲ့ ဖြစ်မှာမဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုလို့ရှိရင် စကားပြောနိုင်ဖို့ အရေးကြီးတယ်လို့ ကျနော်တို့က အဲလို့ ယုံကြည်တယ်။”

မေး။ အားလုံးပါဝင်ရေးကိစ္စလို့ ပြောတဲ့အခါမှာ အခု လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းနဲ့ ပတ်သက်ပြီးတော့ အန်ယူဂျီအစိုးရ၊ ပီဒီအက်ကိစ္စ၊ ဒီကိစ္စတွေရော၊ စစ်တပ်ဘက်က ဘယ်လို သဘောထားတွေရှိလဲခင်ဗျာ။ ဗိုလ်ချုပ်တို့ကော ဆွေးနွေးခဲ့တာ ရှိပါသလား။

ဖြေ။ “ဟုတ်ကဲ့ဗျာ။ ဒီကိစ္စနဲ့ပတ်သက်တာကတော့ ကျနော်ကတော့ ထူးထူးထွေထွေမပြောလိုပါဘူး။ သူတို့ရဲ့အမြင်ကတော့ ဘာဖြစ်ဖြစ် နှစ်ပေါင်း ၇၀ ပြည်တွင်းရေးမှာ မငြိမ်မသက်ဖြစ်လာရတဲ့အကြောင်းက တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အကြောင်းကြောင့် ပြည်တွင်းထဲမှာ မငြိမ်မသက်ဖြစ်လာရတယ်။ အဓိကကတော့ သူတို့က တိုင်းရင်းသားတွေကို ဦးထိပ်ပန်ပြီးရင် တိုင်းရင်းသားတွေနဲ့ဆွေးနွေးပြီးရင် အဲဒီကမှ တဆင့်၊ အခုပြောသလို အန်ယူဂျီတို့၊ ပီဒီအက်တို့ကို သူတို့က စဉ်းစားမယ်ဆိုတဲ့အကြောင်းပေါ့။”

မေး။ ဒါဆိုရင် သူတို့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြီးတဲ့အခါကျမှ အန်ယူဂျီနဲ့ ပီဒီအက်ဖ်နဲ့ ဆွေးနွေးမယ်ဆိုတဲ့ အကြောင်းကို ပြောတာပေါ့။

ဖြေ။ “ ဟုတ်တယ်လေ။ ခင်ဗျားပဲ စဉ်းစားကြည့်လိုက်ပေါ့။ ဇော်မင်းထွန်း‌ပြောတဲ့စကားမှာလည်း အဲဒီလိုပါပဲ။ အဓိက တိုင်းရင်းသားအရေးဆိုတာ ဦးစားပေးတဲ့အရေးပေါ့။ ပီဒီအက်ဖ်နဲ့ အန်ယူဂျီအရေးကဒုတိယအရေးပေါ့။ သူတို့က အဲလို သဘောထားတော့ရှိပါတယ်။ တွေ့ရတယ်ပေါ့။ အဲလို သဘောထားမျိုးက။”

ကျေးဇူးပါပဲခင်ဗျာ။ 

Photo-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024