Home
မြန်မာသတင်း
ငဖဲတွင် PDF ၉ ဦး အလင်းဝင်သည့်သတင်း စစ်ကောင်စီက လိမ်ညာဖန်တီးခြင်းဖြစ်ဟု PRA (မကွေး) ပြော
DVB
·
June 14, 2022

မကွေးတိုင်း ငဖဲမြို့နယ်မှာ ဇွန်လ ၁၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သင်တန်းဆင်း ရဲဘော် ၉ ယောက် စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ သတင်းအမှားဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ကြံဖန်တီးမှုဖြစ်တယ်လို့ PRA (မကွေး) က ပြောပါတယ်။

“စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ ဓာတ်ပုံထဲက လူတချို့ကို ကျနော် ကောင်းကောင်းသိပါတယ်။ သူတို့တွေက စစ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလနဲ့ မတ်လလောက်တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။ နောက်ပိုင်း စစ်ကောင်စီက အဖမ်းအဆီး ကြမ်းလာတဲ့အချိန်မှာ သူတို့တွေက ဆွေမျိုးတွေအိမ်မှာ တိမ်းရှောင်နေတာပါ။ သူတို့ တိမ်းရှောင်ခဲ့တဲ့ အမျိုးတွေအိမ်ကိုလည်း အတိအကျသိပါတယ်။ ကြောက်အားလန့်အားနဲ့ ပြန်လာပြီး စစ်ကောင်စီဆီမှာ ခံဝန်ကတိထိုးပြီး နေနေတဲ့သူတွေ ဖြစ်ပါတယ်။ ဘာမှ PDF တပ်ဖွဲ့တွေမှာ ပါဝင်ခဲ့သူတွေ မဟုတ်ပါဘူး။ အဲဒီကိစ္စကို ကျနော်တို့တင်မက တမြို့နယ်လုံးက လူတွေ သိကြတယ်။ သူတို့ထဲက တချို့ဆိုရင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာကိုပွဲ မင်္ဂလာဆောင်ပွဲကျင်းပပြီး စစ်ကောင်စီခန့် အုပ်ကြီးတွေတောင်မှာ တောင်းရမ်းပေးရတာတွေ ရှိတယ်။ အဲဒါက ဘယ်လိုလုပ် PDF တပ်ဖွဲ့ဝင် ဖြစ်မှာတုန်း” လို့ PRA(မကွေး)ရဲ့ တာဝန်ခံ ဗိုလ်ဟာကျူလီက DVB ကို ပြောပါတယ်။

ငဖဲမြို့နယ်မှာ လှုပ်ရှားနေတဲ့ PRA(မကွေး)၊ Traingle 3T PDF နဲ့ အနောက်ပိုင်းတိုင် PDF အဖွဲ့ ၃ ဖွဲ့က PDF တပ်ဖွဲ့ဝင် လုံးဝမဟုတ်ဘဲ မကွေးတိုင်း ကြံ့ခိုင်ရေးပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအောင်နိုင်လင်းနဲ့ စစ်ကောင်စီခန့် ပဒါန်းအုပ်ကြီး ဦးကျော်ရွှေတို့ ပူးပေါင်းကြံစည်ထားတာဖြစ်ကြောင်း၊ ဦးအောင်နိုင်လင်း မိဘနေရာမှာ ဝင်ရောက်လက်မှတ်ထိုးပေးပြီး သူ့ဘေးမှာ ထိုင်နေတဲ့ကလေးက သူ့သားလည်း မဟုတ်သလို ဘာမှသက်ဆိုင်မှုမရှိဘူးလို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးတပ်တော် MDA/MDPDF နဂါးအဖွဲ့ကလည်း မကွေးတိုင်းအတွင်း အလင်းဝင်တဲ့ PDF မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း စစ်ကောင်စီအဖွဲ့ လူမှုကွန်ရက် Page နဲ့ MRTV သတင်းတွေမှာတော့ ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ ငဖဲမြို့နယ်က PDF သင်တန်းဆင်း ၉ ယောက် အလင်းဝင်လာလို့ ထောက်ပံ့ငွေ တစ်ယောက် ၁ သိန်းကျပ်ပေးအပ်ပြီး မိဘတွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ ဖော်ပြထားပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေ TV Channel တွေကနေ ဆက်တိုက် ထုတ်လွှင့်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024