Home
သုံးသပ်ချက်
စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘယ်လဲ ဘာလဲ (သုံးသပ်ချက်)
DVB
·
June 13, 2022

အာဏာသိမ်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အတုအယောင်ဟန်ပြဆွေးနွေးပွဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကိုသွေးခွဲဖို့ ဒါမှမဟုတ် နိုင်ငံရေးထွက်ပေါက်ရှာဖို့ ဆွေးနွေးပွဲဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောကြတာရှိသလို  ဒီဆွေးနွေးပွဲ လမ်းကြောင်းကနေ တနိုင်ငံလုံးငြိမ်းချမ်းရေးရတဲ့အထိ ကြိုးစားသွားမယ်ဆိုတဲ့အဖွဲ့တွေကလည်း ရှိနေပါတယ်။ 

လတ်တလော စစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ စာရင်းပေးထားခဲ့တာဖြစ်ပြီး အဲဒီထဲက ၅ ဖွဲ့ကတော့ နေပြည်တော်ကို သွားရောက် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

တွေ့ဆုံပြီးတဲ့ အဖွဲ့တွေကတော့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA-PC တို့ဖြစ်ပါတယ်။ 

ဇွန်လ ၁၃ ရက်ဒီနေ့မှာတော့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒု ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေနဲ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိနေဆဲ အခြေအနေဖြစ်ပါတယ်။

တွေ့ဆုံခဲ့တဲ့ အဲဒီအဖွဲ့တွေကို ကြည့်ရင် လတ်တလောမှာ စစ်ကောင်စီနဲ့ စစ်ဖြစ်ပွားနေတဲ့ အဖွဲ့တွေ မပါဝင်သလို ဆွေးနွေးတဲ့အချက်တွေ ကြည့်ရင်လည်း သူတို့ဒေသနဲ့သက်ဆိုင်တဲ့ တောင်းဆိုချက် တချို့ကိုသာ တွေ့ရတဲ့အတွက် ဘာမှ ထွေထွေထူးထူး မှတ်ချက်ပေးစရာတောင်မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားတာကြောင့် ပြုလုပ်တဲ့ ဆွေးနွေးမှုမျိုးမဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ EAOs တွေနဲ့ ပူးပေါင်းသွားမှာစိုးလို့ တွေ့ဆုံတဲ့သဘောလောက်ပဲ တွေ့ရပြီး အောင်မြင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ခြုံငုံပြောရရင် ပြီးခဲ့တဲ့ တွေ့ဆုံပြောဆိုခဲ့တာတွေက လေပေး လေယူတွေလို့ပဲ ပြောရမှာပဲ။ ဒီအင်အားစုတွေအနေနဲ့ ကေအိုင်အေ၊ ကေအန်ယူတို့လို သူတို့နဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေဘက် ပါမသွားဖို့အတွက် ခေါ်ဆွေးနွေးတယ်လို့ မြင်ပါတယ်။ ထိရောက်တဲ့လုပ်ငန်းစဉ် မလုပ်နိုင်ပါဘူး” လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ စေတနာမှန်နဲ့လုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမဟုတ်ဘဲ တော်လှန်ရေး လုပ်နေတဲ့ EAOတွေ PDFတွေနဲ့အကြား သွေးခွဲချင်တာကြောင့်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ခေတ်အဆက်ဆက် သူတို့အကျပ်အတည်းတွေ့တိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ထွက်ပေါက်ရှာခဲ့တာ သဘာဝပဲလို့လည်း ဆိုပါတယ်။  ဒါပေမဲ့လည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေဟာ အောင်မြင်ဖို့ အလားအလာမရှိဘူး လို့ဆိုပါတယ်။

“စစ်ကောင်စီရဲ့ အခြေခံရည်ရွယ်ချက်က ပြည်တွင်းမှာဖြစ်နေတဲ့ ပီဒီအက်ဖ်တို့၊ အန်ယူဂျီတို့ အဖွဲ့တွေနဲ့ တိုင်းရင်းသားဒေသက လက်နက်ကိုင်အဖွဲ့တွေကြားမှာ ပူးပေါင်းသွားမှာစိုးတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာ။ နှစ်အချက်က သူတို့တွေ့နေတဲ့ အခက်အခဲ အကျပ်အတည်းတွေကနေ ယာယီထွက်ပေါက်များ ရမလားလို့ လုပ်နေကြတာ။ စစ်အုပ်စုက သူ အခက်အခဲ အကျပ်အတည်း တွေ့တိုင်း ငြိမ်းချမ်းရေး ကစားကွက်နဲ့ လုပ်တတ်တယ်ဆိုတာ ဟိုးမဆလခေတ် ဗိုလ်နေဝင်း ခေတ်ကတည်းက ခေတ်အဆက်ဆက် လုပ်ခဲ့တာ။ ဒါကြောင့် စစ်အုပ်စုက လုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျမတို့ ဘယ်တော့မှ အယုံအကြည်မရှိဘူး။ သူတို့ရဲ့ အခြေခံစေတနာက မမှန်ဘူးလို့ ကျမတို့ သဘောထားတယ်။”

စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ ဝအဖွဲ့ကတော့ ပြည်နယ်ရရှိရေးအတွက် ဦးစားပေး တောင်းဆိုခဲ့တာကို တွေ့ရပြီး၊ မိုင်းလားအဖွဲ့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင်ဒေသအတွင်း ဖွဲ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီနဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်တဲ့ RCSS အဖွဲ့ကတော့ အဲဒီဆွေးနွေးပွဲမှာ အချက် ၄ ချက် သဘောတူညီမှုရရှိခဲ့ပြီး အဲဒီအချက်ထဲမှာ ပါတီစုံဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပါဝင်တယ်လို့  ပြောဆိုထားပါတယ်။

နောက်ထပ်တစ်ဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA-PC နဲ့ ဆွေးနွေးပွဲမှာလည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုပဲ တွေ့ရတာပြီး ဒီဆွေးနွေးပွဲကနေ မြေကွက်တွေနဲ့ ငွေကြေးအထောက်အပံ့တွေရခဲ့တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။

အခုလိုမျိုး မိမိဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို တောင်းဆိုတာနဲ့ပတ်သက်လို့ မိမိဒေသအလိုက်လိုအပ်ချက်တွေတောင်းဆိုတာကို ဘာအငြင်းပွားစရာမှမရှိပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေက လူမျိုးစုကြီး ဖြစ်တဲ့ ဗမာလူမျိုးစု မလွတ်မြောက်ဘဲနဲ့ ကျန်တဲ့ လူမျိုးစုတွေ လွတ်မြောက်နိုင်မှာ မဟုတ်သလို၊ ကျန်လူမျိုးစုတွေမလွတ်မြောက်ဘဲနဲ့လည်း ဗမာလူမျိုးစုတွေ လွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုတဲ့ မူပေါ် အခြေခံစဉ်းစားရမှာဖြစ်ပြီး ဒါကိုလည်း အားလုံးက လက်ခံမယ် ထင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

ဝါရင့်မွန်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(MNSP) ကတော့ ဒီတွေ့ဆုံပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲဖို့ ကိစ္စတွေနဲ့ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

Ethnic Nationalities Affairs Center (ENAC)  အဖွဲ့ရဲ့  ညွှန်ကြားရေးမှူး ဒေါက်တာပညာမွန်ကတော့ မွန်ပြည်သစ်ပါတီရဲ့ ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ နိုင်ငံရေး အန္တရာယ်ရှိတဲ့ အချက်တွေကို အခုလို သတိပေးပါတယ်။

“ဒီနိုင်ငံရေးတောင်းဆိုချက် နှစ်ချက်က တော်တော်လေးယေဘုယျဆန်တယ်။ တကယ်လို့ မွန်ပြည်သစ်ပါတီက လက်မှတ်ထိုးခဲ့မယ်ဆိုရင် SAC က ပြောမှာပဲ။ မွန်ပြည်သစ်ပါတီ သဘောတူထားတဲ့အတိုင်း ကျနော်တို့ လုပ်နေပြီ၊ ရွေးကောက်ပွဲလုပ်တော့မယ်၊ ပါတီစုံဒီမိုကရေစီ လုပ်ပေးပါမယ်။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဖက်ဒရယ်ဒီမိုကရေစီဖြစ်အောင် ပြင်ဆင်ပေးမယ်လို့ သူတို့ ပြောလာလိမ့်မယ်။ မွန်ပြည်သစ်ပါတီက နိုင်ငံရေးပါတီ အသွင်ကူးပြောင်းပေးဖို့ ရွေးကောက်ပွဲဝင်ပေးဖို့ သူ ပြောလာနိုင်တယ်လို့ ကျနော် ထင်တယ်။ ကျနော့်အနေနဲ့ သုံးသပ်မိတာက နိုင်ငံရေးအန္တရာယ်ရှိတယ်။”

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အယောင်ဆောင်ဆွေးနွေးပွဲလို့ လေ့လာသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက လက်ခံထားကြပေမယ့်  NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်မှုအဖွဲ့ PPST အနေနဲ့ကတော့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့နဲ့ တနိုင်ငံလုံး ငြိမ်းချမ်းရေးရအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

“နားလည်မှုတွေ၊ သဘောထားကွဲလွဲမှုတွေ၊ စိတ်ခံစားချက်အရ သဘောထားမတိုက်ဆိုင်မှုတွေ ရှိပေမဲ့ တူညီတဲ့ပန်းတိုင်အပေါ်မှာရှိတဲ့ အားသာချက်တွေကို ကျနော်တို့ အခြေခံပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုရင် မရတာထက် ကြိုးစားလုပ်တဲ့အနေနဲ့ပဲ ရှိသင့်ရှိထိုက်တဲ့ သမိုင်းပေးတာဝန်တခုကို ထမ်းဆောင်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်သွားဖို့ လိုအပ်တယ်။ ပကတိ အခြေအနေ၊ ကျနော်တို့ကြားမှာ ရှိနေတဲ့ နားလည်မှု မတူတာတွေကြားထဲမှာ အမြော်အမြင်ကြီးကြီးနဲ့ စိတ်ရှည်သည်းခံပြီး ကျနော်တို့ ဆက်လက်ကြိုးပမ်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။”

ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရထံကနေ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့စစ်ခေါင်းဆောင်ကတော့ နေပြည်တော်မှာ သူ့ကိုလာတွေ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တိုင်းကို  ဒီမိုကရေစီနဲ့  ဖက်ဒရယ်အကြောင်းတွေ ရှင်းလင်းပြောကြားခဲ့တာ တွေ့ပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ တွေ့ဆုံဖို့ စာရင်းပေးထားတဲ့ အဖွဲ့တွေထဲက အဖွဲ့ ၄ ဖွဲ့ ဆက်လက်ဆွေးနွေးဖို့ ကျန်နေသေးပြီး အဲဒီအဖွဲ့တွေကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့ ဖြစ်ပါတယ်။

အဲဒီထဲမှာ SSPPနဲ့ စစ်ကောင်စီအကြား ဒီရက်ပိုင်းအတွင်း နယ်မြေကိစ္စနဲ့ပတ်သက်လို့ တင်းမာမှုတွေရှိနေပြီး တွေ့ဆုံဖို့ ရွှေ့ဆိုင်းတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့   ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆက်လက် ဖိတ်ခေါ်ထားလမ်းဖွင့် ထားဆဲ ဖြစ်တယ်လို့ ပြောထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့  အကြမ်းဖက်စစ်ကောင်စီနဲ့  ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုတွေဟာ တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံမှုရရှိမှာ မဟုတ်ကြောင်း  ဇွန် ၁ ရက်မှာ အသိပေးကြေညာထားပါတယ်။

ထက်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024