စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြောင်းပြာကျေးရွာက အပြစ်မဲ့ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁၁ ရက် ည ၇ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ တမင်တကာ ရမ်းပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ပြောင်းပြာကျေးရွာက ကိုနိုင်လင်းနဲ့ မဥမ္မာဆွေတို့ ဇနီးမောင်နှံဖြစ်ပြီး နေအိမ်အတွင်းမှာရှိနေစဥ် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ဟာ အုတ်တံတိုင်းကို ထိမှန်ခဲ့ရာက လွင့်ထွက်လာတဲ့ ကျည်စတွေ ထိမှန်ခံခဲ့ရတာလို့ ဆိုပါတယ်။
အမျိုးသားမှာ ဘယ်ဘက်လက်မောင်း ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဇနီးဖြစ်သူကတော့ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း ၇ နေရာလောက် ဒဏ်ရာတွေရခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ယင်းမာပင်မြို့တွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်က ဇွန် ၁၁ ရက်ညပိုင်းက မြို့ထဲကနေ ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ အနီးပတ်ဝန်းကျင်ကျေးရွာတွေအတွင်းကို ကျရောက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေလည်း နေအိမ်တွေမှာမနေရဲဘဲ ညတွင်းချင်း ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့ ဇွန် ၁၁ ရက်မနက်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွာထောင်ကျေးရွာနဲ့ လေးရွာကျေးရွာတို့မှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။