စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကုန်းမော်ကျေးရွာနဲ့ လက်ပံတောရွာတွေကို ဇွန်လ ၁၃ ရက် မနက် ၁၁ နာရီက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်တွင်းဒေသ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ဒီမနက် ၈ နာရီဝန်းကျင်ကတည်းက ချီတက်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေ က ဆိုပါတယ်။
“ဒေသခံတွေကတော့ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးနေရတယ်။ မနက် ၈ နာရီလောက်ကတည်းက ရွာဝန်းကျင်မှာ ကပ်လာပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ တနာရီကျော် နှစ်နာရီလောက် တိုက်ပွဲဖြစ်တယ်။ ပြီးတော့ ရွာထဲမီးဝင်ရှို့သွားတယ်။ ပြီးတော့ ဒေသခံတဦးလည်း လက်နက်ကြီးထိပြီး ခြေထောက်ဒဏ်ရာရသွားတယ်။ အခု ကျနော်တို့လည်း မီးငြှိမ်းနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မီးရှို့တဲ့အတွက် ကုန်းမော်ရွာမှာ အိမ်ခြေ ၇၀ ကျော်နဲ့ လက်ပံတောရွာမှာ အိမ်ခြေ ၅၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး နွားနဲ့ ဝက်တွေလည်း သေဆုံးကုန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ နွား အကောင် ၂၀ လောက်နဲ့ ဆန်၊ ဆီတွေလည်း သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။