တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က နာမည်ကျော်ကြားတဲ့ ကံပေါက် ဆင်ကိုးရပ် ရေတံခွန်မှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် တယောက် ဇွန် ၁၁ ရက် ညနေပိုင်းမှာ ပြုတ်ကျသေဆုံးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဂန့်ဂေါ်တောင်ရွာ၊ လေးအိမ်စုရပ်ကွက်မှာနေတဲ့ အသက် ၁၄ နှစ်အရွယ် မပပအောင်ဟာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မနေ့ နေ့လယ်ပိုင်းက ရေတံခွန်ကိုသွားရင်း ရေတံခွန် အပေါ်ဆုံးကနေ ပြုတ်ကျခဲ့တာပါ။
မနေ့ညပိုင်းမှာ မိကျောင်းအိုင် နာရေးကူညီမှုပရဟိတအဖွဲ့က သွားရှာပေမယ့် မတွေ့လို့ပြန်လာခဲ့ရပြီး ဒီမနက်မှာမှ ရေတံခွန် အပေါ်ဆုံးထပ်ကနေ အလောင်းကိုရှာတွေ့ခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။
ကယ်ဆယ်ရေးမှာသွားကူညီခဲ့သူတဦးက“ညကတည်းက သတင်းကြားလို့ ရွာကအဖွဲ့တွေ သွားရှာကြတာပါပဲ။ မတွေ့လို့ ပြန်လာကြတယ်။ အခုမနက်မှ အလောင်းပြန်တွေ့လို့ သွားသယ်လာခဲ့ပြီ” လို့ ပြောပါတယ်။
သေဆုံးသူ မပပအောင်ရဲ့မိသားစုဟာ တခြားမြို့နယ်ကနေ လေးအိမ်စုက ရာဘာခြံမှာလာရောက်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။
ရွာခံတဦးက “ဒီလိုဖြစ်စဉ်မျိုးတွေ အရင်ကလည်းဖြစ်ဖူးပါတယ်။ မကြားရတာတော့ကြာပါပြီ။ ရေတံခွန်ကအဆင့်ဆင့်နဲ့ မြင့်လည်းမြင့် ရေစီးလည်းသန်တော့ အပေါ်ဆင့်တွေရောက်ရင် အန္တရာယ်အရမ်းများတယ်” လို့ ပြောပါတယ်။
ကံပေါက် ဆင်ကိုးရပ်ရေတံခွန်ဟာ ထားဝယ်မြို့ကနေ မိုင် ၅၀ ကျော်အကွာမှာတည်ရှိပြီး ထားဝယ်ဒေသမှာနာမည်ကျော်ကြားလို့ စနေ တနင်္ဂနွေနဲ့ အခါကြီးရက်ကြီးတွေမှာ ရွာခံတွေသာမက ရပ်ဝေးဧည့်သည်တွေနဲ့ပါ လူစည်ကားတဲ့ နေရာဖြစ်ပါတယ်။