Home
မြန်မာသတင်း
စစ်ကောင်စီ ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြေညာ
DVB
·
June 10, 2022

အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ထပ်မံကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲသစ်ကို လုံးဝအသိအမှတ်မပြုတဲ့အကြောင်းနဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်သွားမယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဇွန်လ ၁၀ ရက်မှာ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နွေဦးတော်လှန်ရေးနဲ့ လူမျိုးစုံလူထုကြီးကို လှည့်စားပြီး ဖိနှိပ်ချေမှုန်းဖို့ စစ်ကောင်စီက ကြံစည်နေတာကို ပါတီရဲ့ အင်အားစုအသီးသီးနဲ့ ဘက်ပေါင်းစုံက ဖွင့်ချဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အထွေထွေရွေးကောက်ပွဲသစ် လုပ်မယ်လို့ ပြောဆိုပြီး ပြင်ဆင်လုပ်ဆောင်တာတွေရှိလာတာကြောင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ တရားမဝင်စစ်ကောင်စီကို အသိအမှတ်မပြုရုံမက သူတို့ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူတို့ ကမကထလုပ်မယ့် ရွေးကောက်ပွဲကိုလည်း လုံးဝ အသိအမှတ်မပြုဘူးလို့ ကြေညာပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်မှာဖြစ်ပြီး ဒီနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကြီးနဲ့ ပြည်သူတရပ်လုံးကို ၂၀၀၈ ဥပဒေအောက် ပြန်ပို့ဖို့ ကြုံစည်နေတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးအပိုင်ဖျက်သိမ်းဖို့၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးစတဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ဆန့်ကျက်ဖျက်ဆီးဖို့ဖြစ်သလို အင်အားစု အသီးသီးကြား တွေးခေါ်ကြံစည်တာတွေ ရှုပ်ထွေးသွားစေဖို့၊ သွေးစည်းညီညွတ်ရေးလျော့သွားစေဖို့နဲ့ အခုအချိန်မှာ စစ်ကောင်စီကြုံနေရတဲ့ အကြပ်အတည်းပေါင်းစုံကနေ ရုန်းထွက်ဖို့ ရည်ရွယ် လုပ်ဆောင်နေတာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခဲ့တဲ့  ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်ညီလာခံခန်းမဟောင်းကို ပြီးခဲ့တဲ့ဇွန် ၈ ရက်က သွားရောက်ခဲ့ပြီး သမိုင်းဝင် အဆောက်အအုံအဖြစ် ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် မှော်ဘီမှာ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူတွေကိုမိန့်ခွန်းပြောကြားရာမှာ ရွေးကောက်ပွဲနိုင်ငံတဝန်းကျင်းပသွားမှာဖြစ်ပြီး ဒီအတွက် တပ်မတော်သားများအနေနဲ့ မိမိတို့ ကျရာတာဝန်တွေကို စစ်သားစိတ်မွေးပြီး ကျေပွန်စွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီအပြတ်အသတ်ရှုံးနိမ့်သွားပြီးနောက် မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ စစ်တပ်က တရားမဝင်အာဏာသိမ်းယူခဲ့သလို ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့တာဖြစ်ပြီး အခု နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောနေတာဖြစ်ပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024