ပဲခူးတိုင်း၊ ပြည်မြို့နဲ့ ပေါင်းတလည်မြို့တွေမှာ လမ်းဘေးရောင်းချနေတဲ့ ဓာတ်ဆီဆိုင်ငယ်လေးတွေကို စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေနဲ့ အရပ်ဝတ်တွေက ဇွန် ၉ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ပြည်မြို့ ဘုန်းကြီးလမ်းက ဓာတ်ဆီဆိုင် ၂ ဆိုင်၊ ပေါင်းတလည်မြို့မှာ ၂ ဆိုင်နဲ့ တခြားမြို့ထဲ ရပ်ကွက်တွေထဲမှာလည်း ဆီဆိုင်ငယ်လေးတွေဖမ်းဆီးခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။၊
“မနက်က လာဖမ်းသွားတာ၊ အရပ်၀တ်တွေလည်း ပါတယ်၊ စစ်သားတွေလည်း ပါတယ်။ အိမ်စီးကားတွေနဲ့ လာဖမ်းကြတာ၊ လမ်းထဲက လူတွေလည်း လန့်ဖျပ်နေကြတာ ဘာမှန်းမသိဘူး၊ သွားလည်း မမေးရဲဘူး။ နောက်မှ ဓာတ်ဆီဆိုင်တွေ ဖမ်းတာလို့ သိရတာ။”
ရဲကို လိုင်းကြေးမပေးတဲ့ ဆိုင်တွေကို အဓိက ဖမ်းဆီးတာဖြစ်ပြီး ဆိုင်က ဆီတွေတင်မက ရောင်းရငွေတွေနဲ့ ရောင်းချသူတွေကိုဖမ်းဆီးတာလို့ ပြည်မြို့ ဆင်ဆုရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
“အရင်က အဲဒီဆိုင်လေးတွေ သိပ်မရှိပါဘူး၊ ဓာတ်ဆီဆိုင်ကြီးတွေ ဆီပြတ်လပ်တဲ့အချိန်မှာ လူတွေလည်း လုပ်စားစရာမရှိတော့ ဆီထုတ်ပြီး ရောင်းစားကြတာ၊ အခု ဆီဆိုင်လေးတွေ မြို့ထဲမှာ အများကြီးဖြစ်လာတာ၊ စစ်ကောင်စီက ဆီဆိုင်ကြီးတွေ ဆီမရောင်းရင် ချိပ်ပိတ်မယ်၊ ပြည်သူပိုင်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ ဆိုင်တွေက ဖွင့်တော့ထားတယ်၊ ဝန်ထမ်းတွေက အရှေ့မှာ ထိုင်ပြီး လက်ခါပြရတယ်။ မရောင်းဘူး၊ ရောင်းစရာလည်း ရှိပုံမရပါဘူး။ စစ်တပ်ပိုင်တဲ့ မြ၀တီ ဆိုင်တဆိုင်ကတော့ တနေ့ကို ၂ နာရီလောက် အရောင်းပြပြီး ရောင်းပေးတယ်၊ နောက်ထပ်ကတော့ အနောက်ဘက်ကမ်းက တဆိုင်လည်း နည်းနည်း အချိန်ပိုရောင်းပေးတယ်၊ ပုံးတွေနဲ့တော့ ရောင်းမပေးဘူး။ အဲဒီတော့ ပြန်ရောင်းမယ့်သူတွေက ဆိုင်ကယ်နဲ့ ခေါက်တုံ့ခေါက်ပြန် ၀ယ်ကြပြီး ပြန်ရောင်းကြတာ။”
ရဲကို လိုင်းကြေးပေးထားတဲ့ လမ်းဘေးဆီဆိုင်တချို့ကတော့ မြို့ထဲမှာ ရောင်းချနေတာ တွေ့ရတယ်လို့ ဒေသခံက ဆိုပါတယ်။
ပြည်မြို့မှာ ဒီနေ့ ဓာတ်ဆီက တလီတာကို ၂၂၂၅ ကျပ်နဲ့ ရောင်းပြီး၊ 95 ကတော့ ဘယ်ဆိုင်မှ မရောင်းကြဘူး။
ဆိုင်ကြီးတချို့က အရောင်းပြရောင်းတဲ့ပုံစံ လုပ်ထားပေမဲ့ တချို့ဆိုင်တွေက စက်ပျက်လို့ဆိုပြီး ဆိုင်းဘုတ်တပ်ထားကာ တချို့က မီးပျက်တာ အကြောင်းပြပြီး ပိတ်တဲ့ဆိုင်တွေ များပါတယ်။