ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်မှာ ဇွန် ၈ ရက် မနက်ပိုင်းက စတင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြစ်ကြီးနား-ပူတာအိုလမ်းကို မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ် စစ်ဆေးရေးဂိတ်က မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တဲ့အတွက် ခရီးသည်တင် မော်တော်ယာဉ်နဲ့ ကုန်တင်ယာဉ် အစီး ၅၀ ထက်မနည်း ဆွမ်ပရာဘွမ်ဂိတ်မှာ ပိတ်မိနေတယ်လို့ ခရီးသည်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ် ပြေးဆွဲတဲ့ ယာဉ်မောင်းတယောက်က “မနက် ၁၀ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ ပူတာအိုကနေ မြစ်ကြီးနား ဆင်းလာတဲ့ ကားတွေ ပိတ်မိနေတယ်။ စစ်ဆေးရေးဂိတ်က ပေးမဖြတ်ခိုင်းတော့ဘူး။ အားလုံး အစီး ၅၀ လောက်တော့ ရှိတယ်။ ခုချိန်ထိလည်း တိုက်ပွဲဖြစ်နေတုန်း ပစ်သံခတ်သံတွေ ကားရပ်ထားတဲ့နေရာက ကြားနေရတယ်” လို့ ပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြည်သူ့စစ်တပ်ဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေလို့ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာပါ။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး မတ် ၁ ရက်နေ့က ပူတာအိုမြို့နယ်အတွင်း ဆွမ်ပီယမ်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။