ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇွန် ၅ ရက် မွန်းလွဲပိုင်းက ဖျာပုံခရိုင်တရားသူကြီးနဲ့ ဒုရဲအုပ်တို့ စကားများရန်ဖြစ်ခဲ့ကြတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ခရိုင်တရားသူကြီး ဒေါ်သူဇာအေးနဲ့ အမှုစစ်အရာရှိ ဒုရဲအုပ် ဝေလင်းတို့ တရားခွင်မှာ ထစကားများရာကနေ ဒုရဲအုပ်က သေနတ်ဆွဲထုတ်လို့ ဘေးကလူတွေကပါ ဝိုင်းဆွဲခဲ့ရတယ်လို့ ဆိုပါတယ်။
တရားရုံးနဲ့ နီးစပ်သူတဦးက “တရားခွင်ထဲမှာပဲဖြစ်တာ တရားသူကြီးကလည်း အော်တယ်။ ကိုဝေလင်းကလည်း အော်တယ်။ တယောက် တခွန်းအော်တာ အဲ့မှာ တရားသူကြီးက ဒုရဲအုပ်အဆင့်လောက်နဲ့ လာမခြောက်နဲ့ ပြောလိုက်တော့ ကိုဝေလင်းက သေနတ်ဆွဲထုတ်တာ၊ ဘေးက အားလုံးဝိုင်းထိန်းလိုက်လို့ ဘာမှတော့မဖြစ်သွားဘူး”လို့ ပြောပါတယ်။
ဒုရဲအုပ် ဝေလင်းက သေနတ်ဆွဲထုတ်ချိန်မှာ တရားသူကြီးက သေနတ်နဲ့ဆိုပြီး ကြောက်မယ်မထင်နဲ့ ပြောဆိုတာကြောင့် ဘေးနားက တရားရုံးက ဝန်ထမ်းတွေနဲ့ ရုံးချိန်လာသူတွေပါ တောင်းပန်ပြီး ဒုရဲအုပ်ကို ဝင်ဆွဲခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလို စကားများရန်ဖြစ်ရတဲ့အကြောင်းအရင်း အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းက ခရိုင်တရားသူကြီးရဲ့ နေအိမ် မီးလောင်ကျွမ်းခဲ့ပေမယ့် အရေးယူရမယ့်အဖွဲ့အစည်းတွေက တရားစွဲဆိုခြင်းမရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။