ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၂၂၀၀ ကျော်၊ အယောက် ၂၀ ထပ်မံသေဆုံး

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၂,၂၂၄ ယောက် ရှိခဲ့ပြီး အယောက် ၂၀ ထပ်မံပြီးတော့ သေဆုံးခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ ကူးစက်မှုအသစ် ၂,၂၀၀ ကျော်ထဲမှာတော့ ပြည်ပနိုင်ငံတွေက ဝင်ရောက်လာသူတွေထဲက တယောက်မှ မပါဝင်ပဲ အားလုံးဟာ ပြည်တွင်းကူးစက်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၄,၈၂၄ ယောက်ရှိခဲ့ပြီး ဆေးကုသမှု ခံယူနေသူ အရေအတွက်ကတော့ ၂၆,၈၈၉ ယောက်ရှိနေကာ အဲဒီအရင်နေ့က ၂၉,၅၀၉ ယောက်ထက် ပိုပြီးတော့ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုဗစ်-၁၉ ကူးစက်မှု စတင်ချိန်ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၄၇ သန်းကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဒသမ ၂၄ သန်းကတော့ အခုနှစ်ထဲမှာ ကူးစက်ခံရသူတွေဖြစ်ကာ လတ်တလောအချိန်ထိ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၄ ဒသမ ၄၁ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူအရေအတွက် စုစုပေါင်းကတော့ ၃၀,၂၁၈ ယောက် ရှိလာခဲ့ပြီး အဲဒီထဲမှာ အယောက် ၈,၅၂၀ ကတော့ အခုနှစ်အတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ  Test & Go စနစ်ကို လည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၅၃၅ ဒသမ ၈၄ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူပေါင်း ၆ ဒသမ ၃၂ သန်းနဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ စုစုပေါင်းကတော့ ၅၀၆ ဒသမ ၈၁ သန်းကျော် ရှိနေတာပါ။

ရောဂါကူးစက်မှု အများဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၂၄ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

//
More News
Up