ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၃၀၀၀ ကျော်၊ အယောက် ၃၀ ထပ်မံသေဆုံး

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃,၀၀၁ ယောက်နဲ့ အယောက် ၃၀ ထပ်မံပြီးတော့ သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လတ်တလော ကူးစက်မှုအသစ် ၃,၀၀၀ ကျော်ထဲမှာတော့ Antigen Test စစ်ဆေးမှုနဲ့ ရောဂါကူးစက်ခံရသူ ၃,၁၈၇ ယောက် မပါဝင်သေးတာမို့ အဲဒီအရေအတွက်ကိုပါ ထည့်ပေါင်းမယ်ဆိုရင် ကူးစက်ခံရသူ စုစုပေါင်းကတော့ ၆,၁၈၈ ယောက် ရှိနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကူးစက်မှုတွေအားလုံးဟာ ပြည်တွင်းကူးစက်မှုတွေဖြစ်ပြီး အကျဉ်းထောင်တွေက ကိုဗစ်-၁၉ ကူးစက်မှုအသစ်ကတော့ ၁၁ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၃,၈၁၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးဌာန (စီစီအက်စ်အေ) ရဲ့ အဆိုအရ သေဆုံးသူအယောက် ၃၀ ထဲမှာ အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက် ပါဝင်ပြီး အသက် ၄၂ နှစ်ကနေ ၉၃ နှစ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ ဇွန် ၃ ရက်အထိ နိုင်ငံတဝန်း ကာကွယ်ဆေးအကြိမ်ရေ ၁၃၈ ဒသမ ၁၀ သန်းနဲ့ စုစုပေါင်း လူဦးရေရဲ့ ၈၁ ဒသမ ၆ ရာခိုင်နှုန်း အနည်းဆုံးတကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကာ ၇၅ ဒသမ ၉ ရာခိုင်နှုန်းကတော့ အနည်းဆုံး ၂ ကြိမ်၊ ၄၁ ရာခိုင်နှုန်းကတော့ ထပ်ဆောင်း Booster ကာကွယ်ဆေးထိုးနှံမှု အပြည့်အဝ ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်ခဲ့တဲ့ ၂၀၂၀ ပြည့် နှစ်ဆန်းပိုင်းကတည်းက လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ ဒသမ ၄၆ သန်းကျော် ရှိခဲ့ပြီး အဲဒီထဲက ၂ ဒသမ ၂၄ သန်း ကတော့ အခုနှစ်ထဲမှာ ကူးစက်ခံရမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါပြန်လည်ပျောက်ကင်းလာသူပေါင်းကတော့ လတ်တလောအချိန်ထိ ၄ ဒသမ ၃၉ သန်း ရှိခဲ့ပြီလို့ ဆိုပါတယ်။

ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်မှာတော့ ၃၀,၁၄၃ ယောက် ရှိခဲ့ပြီး အဲဒီထဲက ၈,၄၄၅ ယောက်ကတော့ အခုနှစ်ထဲမှာ သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာလေဆိပ်တွေမှာ  Test & Go စနစ်ကို လည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

//
More News
Up