မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းရှိ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဘက်ကို စစ်ကောင်စီတပ်တွေက အင်အားသုံးပြီး စစ်ကြောင်းထိုးလာလို့ ကရင်တိုင်းရင်းသားရွာတွေက စိုးရိမ်ကြပြီး ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “အခုလို စစ်တပ်က စစ်ကြောင်းထိုးပြီး သတင်းကြားတာနဲ့ ရွာက ယောကျ်ားလေးတွေက မနေရဲကြတော့ဘူး ရွာမှာ မိန်းမနဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့ကြတယ်။ စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးချမှာကို စိုးရိမ်တယ် အခုချိန်က မိုးရာသီလည်းဖြစ်တော့ ဥယျာဉ်ခြံအလုပ်တွေလည်း မလုပ်ရဲကြဘူး”လို့ ပြောပါတယ်။
PDF မြောက်ပိုင်းမှ တာဝန်ရှိသူတဦးက “စစ်တပ်က အခုဆို ရေး မြောက်ပိုင်းဘက်က ဘေးလမိုင်း အောင်သပြေရွာဘက်မှာ တပ်စွဲထားပြီး အင်အားဖြည့်ထားတယ်။ တောင်ပိုင်းကျတော့ ကလိပ်၊ တုတ်၊ မင်းလှအေး၊ လိပ်ပုတ်ဘက်ကိုတော့ စစ်ရေးလှုပ်ရှားလာနေခဲ့သလို ရွာသားတွေကိုလည်း လူသားဒိုင်းအဖြစ် ကနေ မခံရအောင် သတိပေးထားခဲ့တယ်”လို့ ပြောပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားလာတော့ KNLA / PDF တွေ အသင့်အနေထားမှာ ရှိနေသလို စစ်တပ်ဘက်အခု စစ်ကြောင်းမှာ အသက်ကြီးပိုင်း စစ်သားတွေ လိုက်ပါလာတာ တွေ့ရှိတော့ တိုက်ခိုက်ရမှာကို လက်တွန့်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လက်နက်ကိုင်နှစ်ဖက်စလုံးက စစ်ရေးတင်းမာလာနေတဲ့ အခြေနေမှာရှိနေပေမဲ့ နှစ်ဖက်ထိပ် တိုက်တွေ့ပြီးတိုက်ပွဲတွေတော့ ထပ်မံမဖြစ်ပွားခဲ့သေးပါဘူး။
ဇွန် ၂ ရက်မနက်က မွန်ပြည်နယ် တောင်ညိုပြည်သူပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ PDF ကထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ကား ၂ စီးပါယာဉ်တန်း သံဖြူဇရပ်ကနေ ရေးမြို့ဘက်ကို ဖြတ်သန်းသွားချိန် အေးကမ္ဘာရွာနဲ့ ပိန္နဲတောရွာကြားမှာ ခြုံခိုတိုက်တိုက်ခဲ့တာဖြစ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့ဘက်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေမကြာခဏ ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေပါတယ်။