Home
မြန်မာသတင်း
ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားသည့် သေဒဏ်အမိန့် စစ်ကောင်စီ အတည်ပြု
DVB
·
June 3, 2022

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုလိုက်လို့ စစ်ကောင်စီ ပြောခွင့်ရသူက  ဇွန်လ ၃ ရက် ဒီကနေ့  မီဒီယာတွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁  ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားအမည်ခံ လူတချို့က သေဒဏ်ချမှတ်ခံထားရသူတွေကို သတ်ပစ်ဖို့ တောင်းဆိုခဲ့ပြီးနောက်မှာ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူက အခုလို သေဒဏ်အတည်ဖြစ်ကြောင်း ပြောဆိုလာတာပါ။   

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိတယ်ဆိုပြီး  စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ခုံရုံးမှာ တရားစွဲကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ သေဒဏ်ချမှတ်တာဖြစ်ပါတယ်။ 

ဒီအမှုကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အယူခံဝင်ဖို့ကြိုးစားခဲ့ပေမယ့် စစ်ခုံရုံးကလက်မခံဘဲ သေဒဏ်ကို အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာရှင်ဦးသန်းရွှေလက်ထက်၊ ဦးသိန်းစိန်လက်ထက်နဲ့  အန်အယ်လ်ဒီ အစိုးရလက်ထက်တွေမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း သေဒဏ်ချမှတ်တာတွေ ရှိခဲ့ပေမဲ့ ထောင်တွင်း သေဒဏ်ကျတိုက်ထဲမှာသာ ထားပြီး အမှန်တကယ်စီရင်တာမျိုး မတွေ့ရတော့ဘူးလို့ ဝါရင့် တရားလွှတ်တော် ရှေ့နေတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“သမ္မတဦးဝင်းမြင့်လက်ထက်မှာ သံချောင်းဆိုတဲ့သူ ABSDF ထဲမှာ ရက်ရက်စက်စက် သတ်ခဲ့တဲ့သူကို  အဲဒါကို လွှတ်ပစ်လိုက်တာ။ သံချောင်းကို လွှတ်တယ်။ တင်မြင့် လွှတ်တယ်။ ဦးကိုနီကို သတ်တဲ့ကြည်လင်းတို့ကိုလည်း သေဒဏ်ကနေ လျှော့ရက်တွေ ပေးလိုက်တယ်။ ဦးဝင်းမြင့်လက်ထက်မှာကို အများကြီးလုပ်ပစ်လိုက်တယ်။ ဦးသိန်းစိန် လက်ထက်မှာတော့ မူးယစ်သမားတွေ မောင်ဝိတ်တို့ ဘာတို့ ပါတယ်။ မလေးရှားက မူးယစ်ရာဇာတစ်ယောက်ဆီက ဒေါ်လာသန်းနဲ့ချီယူပြီးတော့ လွှတ်ပစ်လိုက်တာ။ ကြည်လင်းက သုံးခါရှိပြီ သတ်တာ။ သေဒဏ်တွေချည်းကျတာ။ သေဒဏ်အပေါ်မှာ လူဆိုးတွေကတော့ မကြာခင် ပြန်လာမယ်ဆိုပြီး ပြောခဲ့ကြတာ။ သူတို့သဘောကတော့ သူတို့ပါးစပ်ထဲက လျှောက်ပြောတဲ့ ဥပဒေပေါ့ကွာ။ သက်သေမခိုင်လုံဘဲနဲ့ စစ်ခုံရုံးက စီရင်တာတွေ ပြန်ပြီးစိစစ်မယ်ဆိုတာမျိုးတော့ အရိပ်အမြွက်ပြောတယ်။ ၁- ကတော့ မသတ်ရဲဘူး။ ၂- က အစဉ်အလာမသတ်တဲ့ဟာကို ကုလသမဂ္ဂလည်း သေဒဏ်တွေ ဖျက်သိမ်းဖို့ တောင်းဆိုတာ ၃ ခါရှိပြီ။ အဲဒီတော့ ကမ္ဘာကြီးနဲ့လည်း ဆန့်ကျင်ရာရောက်မယ်။ ဆိုက်ကို လုပ်နေတာ PDF တွေ ဘာတွေ ကျန်တဲ့သူတွေ မလုပ်ရဲအောင်သာ ပြောနေတာ။ ခြောက်လှန့်တဲ့ ဆိုက်ကို စစ်ဆင်ရေးလုပ်တာလို့ပဲ ယူဆလိုက်ပါ။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပြင် သေဒဏ်အတည်ပြုခံရတဲ့ ၂ ယောက်ကတော့ လှိုင်သာယာမြို့နယ်မှာ လူသတ်မှု ကျုးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်အမိန့်ချခံရတဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်တာတွေရှိခဲ့ပေမဲ့ အမှန်တကယ် စီရင်တာမျိုးကတော့ နဝတအုပ်ချုပ်တဲ့ ခေတ်မှာတောင် မရှိခဲ့ပါဘူး။ 

တကယ်လို့ သေဒဏ်အမိန့်ကို ပြန်လည် ကျင့်သုံးရင် နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ ပထမဆုံး သေဒဏ်စီရင်မှု ဖြစ်လာမှာပါ။ သေဒဏ်အမိန့်အတွက် ဘယ်နေ့မှာ စီရင်မလဲဆိုတာကိုတော့ စစ်ကောင်စီဘက် ပြောဆိုတာ မရှိပါဘူး။ 

တရားလွှတ်တော်ရှေ့နေ တဦးက “ဒီတခါလုပ်ရင် ကမ္ဘာကြီးနဲ့ သူ ပိုပြီးဝေးကွာသွားမှာ။ လုပ်ပေါ့ကွာ။ ပြည်သူတရပ်လုံးက ထောက်ခံထားတဲ့သူတွေကို လုပ်တယ်ဆိုရင် ဦးနေဝင်း တောင်မလုပ်ခဲ့တာ။ ဦးသန်းရွှေ တောင်မလုပ်ခဲ့တာကွာ။ ဦးသန်းရွှေ တပည့်က လုပ်ရဲမယ်ဆို လုပ်ကြည့်ပေါ့ကွာ။”လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဟာ တရားဝင် အစိုးရတရပ် မဟုတ်တဲ့အတွက် သေဒဏ်လို အမှုမျိုးကို စီရင်ပိုင်ခွင့်မရှိဘူးလို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။  

မြန်မာ့စစ်အာဏာရှင်သမိုင်းမှာ စစ်ကောင်စီဟာ ပြည်သူတွေအပေါ် အဆိုးဆုံးအကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အတွက် ဘာမဆိုဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဥပဒေအသိုင်းအဝိုင်းထဲမှာတော့ ဦးသန်းရွှေလက်ထက်က သေဒဏ်ကျသူတွေကို အမှန်တကယ် မစီရင်ဖို့ ညွှန်ကြားချက်ထုတ်တာမျိုး မြင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အင်းစိန်ထောင်တွင်းမှာ တော်လှန်ရေးကာလအတွင်း သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးသမားတွေနဲ့ လူငယ်တွေကို စစ်ကောင်စီက လိမ္မော်ရောင်ဝတ်စုံတွေ ပြောင်းလဲဝတ်ဆင်စေခဲ့ပြီး မြင်ကွင်းမှာ မတွေ့ရတာ အချိန် ၂ လကျော်ရှိခဲ့ပြီလို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အင်းစိန်ထောင်နဲ့ နီးစပ်သူတစ်ဦး “သေဒဏ်ချမှတ်ခြင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကျတော့ စစ်ခုံရုံးက သေဒဏ်ချမှတ်ခြင်းခံရသူတွေကို သေဒဏ်ချလိုက်ပြီ။ သူတို့ဝတ်စုံကလည်း လိမ္မော်ရောင်ပေါ့နော်။ လိမ္မော်ရောင် ပြောင်းသွားပြီ။ ဒါပေမဲ့ သူတို့ကို အောက်ရုံးမှာ အရပ်ဘက်ဆိုင်ရာ တရားရုံးတွေမှာ တခြားသောပုဒ်မတွေနဲ့ တရားစွဲထားတာရှိတယ်။ အရင်တုန်းက သူတို့ကို ထောင်က ထုတ်တယ်။ အခုနောက်ပိုင်း မထုတ်တော့ဘူး။ မထုတ်တာကို ၂ လလောက်ရှိပြီ။ လုံးဝ မထုတ်တော့ဘူးပေါ့နော်။”လို့ပြောပါတယ်။

အင်းစိန်ထောင်ထဲမှာ ရှေ့နေအဖွဲ့တွေက အကူအညီပေးနေတဲ့ တော်လှန်ရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိတဲ့အပြင် ကိုယ့်ဘာသာရှေ့နေ့ငှားပြီးလိုက်နေတဲ့အမှုတွေလည်းရှိနေပါတယ်။ 

တော်လှန်ရေးလူငယ်တွေကို စစ်ကောင်စီက တစ်ယောက်တည်းကို အမှု ၄၊ ၅၊ ၆ ခုတပ်ပြီး စစ်ခုံရုံးသာမက အရပ်ဘက် ခရိုင်နဲ့ မြို့နယ် တရားရုံးတွေကနေပါ တရားစွဲဆို စစ်ဆေးနေတာ ဖြစ်ပါတယ်။ 

မြန်မာပြည်တွင်းမှာ စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ခံထားရသူ အယောက် ၉၀ နီးပါးရှိပြီး အရင်ပုံမှန်နှစ်တွေတုန်းကထက် ၈ ဆနီးပါး မြင့်တက်လာတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ၂၀၂၁ ခုနှစ် ကမ္ဘာတဝန်း သေဒဏ်ပေးမှုကို လေ့လာစောင့်ကြည့်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ  သေဒဏ်ချမှတ်တဲ့နှုန်း မြင့်တက်လာတာဟာ ပြည်သူကို ခြိမ်းခြောက်တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024