Live
Home
မြန်မာသတင်း
မြန်မာဘက်က ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးအား ပြန်လွှဲပြောင်းပေး
DVB
·
June 2, 2022

မြန်မာဘက်မှာ ဖမ်းဆီးထားတဲ့ အသက်မပြည့်သေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက်ကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ နယ်စပ်ဒေသမှာ တာဝန်ကျတဲ့ အရာရှိတယောက်က ပြောပါတယ်။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ဇွန် ၁ ရက် မနက်က ပြုလုပ်ခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှူးအဆင့် ညှိနှိုင်းအစည်းအဝေးအပြီး လွှဲပြောင်းပေးလိုက်တာလို့ ဆိုပါတယ်။

"အစည်းအဝေးပြီးတဲ့ ညနေ ၅ နာရီကျော်မှာ မြန်မာဘက်က ဖမ်းမိထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို လွှဲပြောင်းပေးအပ်ခဲ့ကြတယ်။ သူတို့က ၃ လပိုင်းကတည်းက ဖမ်းဆီးထားတာ။"လို့ မြန်မာ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက်ဟာ  ၂၀၂၂ နှစ် မတ်လတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်မှာ ငါးဖမ်းလှေနစ်မြုပ်ပြီး မောင်တောမြို့နယ် တောင်ပိုင်း၊ ပဒင်းကျေးရွာ နယ်မြေစခန်းမှာ ဖမ်းဆီးထားခဲ့တဲ့ ၁၈ ယောက်အုပ်စုမှာ ပါဝင်သူတွေဖြစ်ပါတယ်။ 

သူတို့ ၄ ယောက်ဟာ အသက်မပြည့်တဲ့အတွက် မြန်မာနိုင်ငံ ကလေးသူငယ်များဥပဒေအရ လွှတ်ပေးခဲ့တာဖြစ်ပြီး ကျန် ၁၄ ယောက်ကိုတော့ လဝက ဥပဒေပုဒ်မ ၁၃(၁) နဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ထားခဲ့တယ်လို့ ပဒင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"ဘင်္ဂလားက ငါးဖမ်းလှေက မြန်မာဘက်ကို ကျော်လာတဲ့အတွက် လှေပေါ်မှာပါလာတဲ့ လူ ၁၈ ဦးကို ဖမ်းတာ။ အဲ့ဒီအထဲမှာ အသက်မပြည့်တဲ့ ကလေး ၄ ဦးက လွတ်ကျန်ခဲ့တာ။ ၂၀၂၂ ခုနှစ် ၃ လပိုင်းကတည်းကပါ။ ခုချိန်အထိ ကျနော် ကျွေးမွေးထားရတာ၊ အခုခေတ်မှာ လူ ၄ ဦး စားသောက်နေထိုင်ရေး မလွယ်ပါ။"

အဆိုပါလူငယ်  ၄ ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှင်မဖြူကျွန်းကဖြစ်​ကြပြီး ရောမ်ဇာန် (ဘ) ဂူရာမျှာ၊ အဒူရာမာန် (ဘ) ဇော်နာလ်၊ ရေဇာဘူလ်ခေါ်ရိမ် (ဘ) နူရ်ဘော်ရှောရ်နဲ့ ဖိုက်ဆဲလ် (ဘ) နူရ်ဟူဆိန်းတို့ဖြစ်ကြောင်း ပဒင်းအုပ်ချုပ်ရေးမှူးထံက သိရပါတယ်။

ဇွန် ၁ ရက် မနက် ၁၀ နာရီကျော်ကစပြီး ညနေ ၅ နာရီကျော်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကော့စ်ဘဇားခရိုင် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် နဂျမ်အက်စ်ဆာကစ်ဘ်၊ ပူးတွဲညွှန်ကြားရေးမှူးချုပ်နဲ့ ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မိုဟာမက်အီဇူရာရိုယွတ်ဖ်တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၆ ဦးနဲ့ မြန်မာဘက်မှ အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲရေမှူး ရဲမှူးချုပ်ထက်လွင်နဲ့ တာဝန်ရှိသူတွေအပြင် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကိုကိုလေးနဲ့ တာဝန်ရှိသူတွေ နှစ်နိုင်ငံအရေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024