အာရှလူမျိုးများကို အမုန်းပွားမှုအကြောင်း သမ္မတဘိုင်ဒင်နှင့် ဘီတီအက်စ် ကေပေါ့ပ်အဖွဲ့ ဆွေးနွေး

တောင်ကိုရီးယားရဲ့ ကေပေါ့ပ်ကြယ်ပွင့် ဘီတီအက်စ်အဖွဲ့ဟာ  မေ ၃၁ ရက်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ  အိမ်ဖြူတော်ကို သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံကာ  အာရှလူမျိုးတွေကို ပစ်မှတ်ထားတဲ့ အမုန်းတရားတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။

သမ္မတဘိုင်ဒင်နဲ့ ဘီတီအက်စ်အဖွဲ့ရဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မီဒီယာအဖွဲ့အစည်းတွေကို သတင်းယူခွင့် ပိတ်ထားပါတယ်။

ဘီတီအက်စ် ကေပေါ့ပ်ကြယ်ပွင့်အဖွဲ့ဟာ လူငယ်တွေကို ခွန်အားဖြစ်စေဖို့ ရည်ရွယ်တဲ့ သူတို့ရဲ့ သီချင်းစာသားတွေကို အသုံးပြုပြီး လူမှုရေး လှုပ်ရှားမှုတွေကြောင့် နာမည်ကြီးပါတယ်။

သူတို့ရဲ့ အခြေတည်ပရိသတ်ဟာ အင်တာနက်ကို တတ်ကျွမ်းနားလည်တဲ့ မျိုးဆက်နဲ့ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို ချိတ်ဆက်ပြီးတော့ ဆိုရှယ်မီဒီယာရဲ့ စွမ်းအားကို အသုံးချနိုင်ခဲ့တာကနေ ခုတော့ သက်ကြီးမျိုးဆက်တွေထဲထိပါ ကျယ်ပြန့်လာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇွန်လက ဒီအဖွဲ့ရဲ့ ပရိသတ်တွေဟာ အမေရိကန်ပြည်ထောင်စုမှာ လူမှုရေးပိုင်း တရားမျှတမှုအတွက် ရန်ပုံငွေရှာဖွေတဲ့ #MatchAMillion လို့ ခေါ်ဆိုတဲ့ အွန်လိုင်းကမ်ပိန်း ပြုလုပ်ခဲ့ရာမှာ တရက်တည်းနဲ့ ဒေါ်လာ ၁ သန်းလောက် ရသွားခဲ့ပြီး လူမည်းတွေအသက်လည်း တန်ဖိုးရှိတယ်ဆိုတဲ့ Black Lives Matter လှုပ်ရှားမှုကို အဖွဲ့ကိုယ်တိုင် လှူဒါန်းပေးခဲ့ပါတယ်။

တင်းမာမှုတွေ အမျိုးမျိုးကြားမှာ တချို့နိုင်ငံရေးသမားတွေနဲ့ ပညာရှင်ပုဂ္ဂိုလ်တွေက ကိုဗစ်-၁၉အတွက် တရုတ်နိုင်ငံကို အပြစ်တင်ဖို့ အမေရိကန်တွေကို တွန်းအားပေးနေတာကြောင့် အာရှနွယ်ဖွားတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အာရှ-အမေရိကန် လူမျိုးတွေအပေါ် အမုန်းပွား ကျူးလွန်ကြတဲ့ ရာဇဝတ်မှုတွေ ပြင်းပြင်းထန်ထန် မြင့်တက်လာနေခဲ့တာပါ။

အခု သမ္မတဘိုင်ဒင်နဲ့ ဘီတီအက်စ်အဖွဲ့ရဲ့ ဒီတွေ့ဆုံမှုဟာ မေလမှာ ကျင်းပမြဲ အာရှ-အမေရိကန်တွေနဲ့ ဟာဝိုင်ယီ-ပစိဖိတ် ကျွန်းသားတွေရဲ့ ကဏ္ဍစုံ အမွေအနှစ်ကို ဂုဏ်ယူအသိအမှတ်ပြုတဲ့ကာလ နီးကပ်နေချိန်လည်း ဖြစ်ပါတယ်။

//
More News
Up