Home
မြန်မာသတင်း
စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူလုပ်မှုများ တရားမဝင်ဟု NUG ကြေညာ
DVB
·
June 1, 2022

အကြမ်းဖက်စစ်ကောင်စီနဲ့  ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုတွေဟာ တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံမှုရရှိမှာ မဟုတ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၁ ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။ 

အခုသီတင်းပတ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို နေပြည်တော်မှာ ဖိတ်ခေါ်ပြီး တဖွဲ့ချင်းတွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနေချိန်မှာ  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အခုလိုထုတ်ပြန်လိုက်တာပါ။ 

အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မူလပိုင်ရှင် ပြည်သူလူထုထံမှ မတရားသဖြင့် လုယူဖို့  ကြိုးစားနေတဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တယ်၊  အကြမ်းဖက်စစ်ကောင်စီဟာ   သူတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကမ္ဘာ့တရားခွင်မှာ ပြစ်ဒဏ်ချမှတ်ခံရမယ့် အဖွဲ့အစည်းလည်းဖြစ်သလို ပြည်သူ့အာဏာအပ်နှင်းထားတဲ့ တရားဝင်အုပ်ချုပ်ခွင့်အာဏာ (de jure power) မရှိတဲ့အပြင် တိုင်းပြည်ကို လက်တွေ့ကျကျ နိုင်နင်းစွာအုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာ (de facto power) လည်း လုံးဝမရှိတဲ့  တရားမဝင် အဖွဲ့အစည်းဖြစ်တယ်လို့ NUG ကဆိုပါတယ်။

၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ဟာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီမှု ဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီဟာ  ပြည်ထောင်စုအစိုးရအလား စာချုပ်ဝင် အဖွဲ့အစည်းတွေနဲ့  ဆွေးနွေးညှိနှိုင်း အပေးအယူ ပြုနိုင်ခွင့် အလျဉ်းမရှိတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုမှန်သမျှ တရားမဝင်ကြောင်းနဲ့ NUG အစိုးရနဲ့ နောက်ဆက်ခံမယ် ဘယ်အစိုးရကမှ အသိအမှတ်ပြုလက်ခံမှာ မဟုတ်လို့လည်း ကြေညာထားပါတယ်။

နိုင်ငံတော်ရဲ့ စစ်မှန်တဲ့ အချုပ်အခြာအာဏာဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲမှ တဆင့် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာသာ တည်တယ်လို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ  တိုက်ပွဲတွေ ဖြစ်ပွားတာလုံးဝမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နဲ့ နေပြည်တော်မှာ တဖွဲ့ချင်းဆက်တိုက် တွေ့ဆုံနေတာဖြစ်ပြီး သဘောတူညီချက်တွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။ 

စစ်ကောင်စီနဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံတဲ့  “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ကတော့ အစိုးရဘက်က ဘယ်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခ ပိုမဖြစ်စေလိုတဲ့အတွက်ကြောင့် ဘယ်ဘက်ကမှ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

Photo-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024