Live
Home
မြန်မာသတင်း
မကွေးမြို့ အမှတ် ၂ ရဲစခန်းတွင် စခန်းမှူးကို စစ်ကောင်စီတပ်သားက ထိုးကြိတ်
DVB
·
June 1, 2022

မကွေးတိုင်း၊ မကွေးမြို့ အမှတ် ၂ ရဲစခန်းမှာ မေ ၃၁ ရက်က စစ်ကောင်စီတပ်သားတယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်သားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“မကွေးလေတပ်စခန်း ဌာနချုပ်က စစ်ကောင်စီတပ်သားကို မကွေး အမှတ် ၂ နယ်မြေ ရဲစခန်းမှာ ချုပ်နှောင်ထားတာဗျ။ အဲဒါကို လေတပ်စခန်းက အရာရှိတွေက လာထုတ်တဲ့အချိန်မှာ လက်ထိတ်ဖြုတ်ပေးလိုက်တော့ စခန်းမှူး ရဲအုပ်အောင်စိုးကို အဲဒီစစ်သားက လက်သီးနဲ့ ထထိုးတာ။”

ရဲစခန်းက အကြီးဆုံးဖြစ်တဲ့ စခန်းမှူးကို စစ်သားက ထိုးတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ မခံနိုင်ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အဲဒီစစ်သားကို ဖမ်းဆီးကာ သူ့တို့အရာရှိနဲ့ ပြန်လွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။

“စစ်စည်းကမ်း ထိန်းသိမ်းရေးအရတော့ အရေးယူမှာပေါ့။ စခန်းမှူးအပါအဝင် ကျနော်တို့ စခန်းက ရဲတွေကိုလည်း စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စစ်ဆေးနိုင်တယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး အဲဒီရဲတပ်သားက “အဲဒီကောင်က မိုက်ကို မိုက်ရိုင်းတာပါဗျာ။ အသက်အရွယ်အရ ကြည့်မယ်ဆိုရင်လည်း ကိုယ့်အဖေအရွယ်လောက်ရှိတာကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်။ စစ်တပ်ကတော့ အာဏာမသိမ်းခင်ကတည်းက ရဲတွေကို ဖိနှိပ်အနိုင်ကျင့်တယ်။ အခု အာဏာသိမ်းလိုက်တော့ ပိုပြီး ချို (ဂျို) ကြွသွားတာပေါ့။ ရဲထဲမှာ ရဲချုပ်၊ တိုင်းမှူး၊ ခရိုင်မှူး အဆင့်ရှိတဲ့သူတွေဆိုရင် အကုန်လုံးနီးပါး စစ်တပ်က အသွင်ပြောင်းလာတာဖြစ်ပြီး ရဲစစ်စစ်က ရှားတယ်။ ကျနော်တို့လည်း စစ်အာဏာရှင်စနစ်ကို မကြိုက်ပေမဲ့ မိသားစုအခက်အခဲကြောင့် ရုန်းမထွက်နိုင်သေးတာ” လို့ ပြောပါတယ်။

အဲဒီစစ်သား အချုပ်ထဲကို ဘယ်လိုရောက်လာတယ် ဆိုတာကိုတော့ သူ့တာဝန်ချိန် မဟုတ်တဲ့အတွက် မသိကြောင်း၊ ဆိုင်ကယ်တစီးကို ၂ ယောက်စီးတဲ့ ကိစ္စကနေ ပြဿနာ စဖြစ်တယ်လို့ကြားကြောင်း၊ ရဲတွေကိုလည်း ဆိုင်ကယ် ၂ ယောက် စီးရဲစီးကြည့်ဆိုပြီး ကြိမ်းဝါးသွားကြောင်း ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024