Home
မြန်မာသတင်း
ကယားပြည်နယ်က ကလေးတွေ မူးယစ်ဆေးစွဲကပ်
DVB
·
March 21, 2014
ကယားပြည်နယ်အတွင်း မြို့ပေါ်မှာရော တောရွာမှာပါ မကျန် ကလေးသူငယ်တွေအကြား မူးယစ်ဆေးဝါး သုံးစွဲမှု စိုးရိမ်လောက်ဖွယ် မြင့်တက်နေပြီး အုပ်ချုပ်ရေးပိုင်းကပါ ပတ်သက်နေ ကြတယ်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။ ကယားပြည်နယ်အတွင်း မြို့ရော တောတွေမှာပါ လူငယ်လူရွယ်တွေသာမကဘဲ အရွယ်မရောက်သေးတဲ့ ကလေးတွေပါ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ရှိနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု များပြားလာတယ်လို့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးဟက်စတန်က ပြောပါတယ်။ Poppyကယားပြည်နယ်တွင်းမှာ ယာဘ ခေါ် စိတ်ကြွဆေးပြားသုံးစွဲမှု မြင့်တက်လာနေပြီး ပြည်နယ်မှာ တာဝန်ကျတဲ့ ဥပဒေဘက်တော်သားတွေနဲ့ မတရားစီးပွားရှာတဲ့ မူးယစ်ဂိုဏ်းတွေ အပေးအယူလုပ်ပြီး ဖြန့်ဖြူးကိုယ်ကျိုးစီးပွားရှာနေကြတယ်လို့ သူက ပြောပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က အထက်တန်းကျောင်းသားအဆင့်လောက်ပဲ မူးယစ်ဆေးဝါး သုံးစွဲရာကနေ အခုအခါ ၃ တန်း၊ ၄ တန်း ကလေးတချို့တောင် သုံးစွဲလာကြတာဖြစ်လို့ အခြေအနေ တော်တော်ဆိုးနေတယ်လို့ ဦးဟက်စတန်က ပြောပါတယ်။ မြို့ပေါ်နေထိုင်တဲ့လူငယ် ၅၀ ရာခိုင်နှုန်းခန့်နဲ့ တောရွာတွေမှာ လူငယ် ၃၀ ရာခိုင်နှုန်းလောက် သုံးစွဲနေနိုင်တယ်လို့ သူက ထင်မြင်ချက်ပေးပါတယ်။ ပြည်နယ်အစိုးရတွေနဲ့ ဆွေးနွေးတိုင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဆွေးနွေး ခဲ့ကြပေမယ့် တနိုင်ငံလုံး အုပ်ချုပ်ရေးနဲ့ ဥပဒေစိုးမိုးရေး ပါဝါ စုစည်းနိုင်မှသာလျှင် မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်မယ်လို့ ဦးဟက်စတန်က ပြောပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့တုန်းက ပြည်နယ်ရဲတပ်ဖွဲ့၊ တောင်ကြီးမူးယစ် အထူးနှိမ်နှင်းရေးတပ်ဖွဲ့၊ လွိုင်ကော်ခရိုင် အထူးမှုခင်းနှိမ်နှင်းရေးနဲ့ ဒီမော့ဆိုမြို့မရဲစခန်း ပူးတွဲအဖွဲ့ဟာ မြလဲကျေးရွာအုပ်စု လိုခိုသာရွာမှာ မူးယစ်ဆေးဝါးများနဲ့ ကျည်ဆံများပါ ပူးတွဲ ဖမ်းဆီးရမိပြီး အမှုဖွင့်ထားပါတယ်။ ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်ကတော့ ယခုလို ပြည်နယ်အတွင်း ရောင်းဝယ် ဖောက်ကားနေမှု များပြားလာတာဟာ တခြားသော သီးနှံ၊ စပါးများအစား ဘိန်းစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း လုပ်ကိုင်လာသူ များပြားလာလို့ ဖြစ်တယ်လို့ ပြောပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကို လစဉ်ကြေး ၅ ထောင်ကျပ် ၁ နှစ်စာ ၆ သောင်းကျပ် ပေးဆောင်ပြီး စိုက်ပျိုးလာကြတာလည်း ရှိတယ်လို့ ပြောပါတယ်။ နယ်မြေအာဏာပိုင်ကို လစဉ်ကြေးပေးပြီး ဘိန်းစိုက်တဲ့အတွက် ရွာသားတွေကလည်း လိုင်စင်ရတဲ့သဘော မှတ်ယူလာပြီး အရင်တုန်းက တောတောင်လျှိုတွေအကြား စိုက်ပျိုးရာကနေ အခုအခါ လမ်းဘေးဝဲယာမှာ ပေါ်ပေါ်တင်တင် စိုက်လာကြတယ်လို့ သူက ပြောပါတယ်။ ဘိန်းထွက်ရာသီ၊ ဘိန်းတိုက်ဖျက်ရေး ဘိန်းစစ်ဆင်ရေးလုပ်ချိန်တွေမှာ ရွာတွေကို ကျပ်ငွေ သိန်းဘယ်လောက် ပေးရမယ်ဆိုပြီး တောင်းခံတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ ဘိန်းမစိုက်အောင်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့အတွက် ဒီဒေသတွေထဲမှာ ရေရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရေးနဲ့ သီးနှံစီးပွားရေးအတွက် ဈေးကွက်ရှာဖွေပေးရေးတို့ အဓိက ပြုလုပ်ပေးဖို့လို တယ်လို့ ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024