တိုင်းပြည် အေးချမ်းတဲ့ အနေအထားသို့ ရောက်ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၃၁ ရက် နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့ကာ အချို့ EAO အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်ခဲ့ပြီး ယနေ့အချိန်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့သော် အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်မှုများကြောင့် တာဝန်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း၊ ယခုအခါ အေးချမ်းသည့် အနေအထားသို့ ရောက်ရှိလာပြီ” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အခုပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်နေရာမှာ ကျောင်းသူကျောင်းသား ၄ သန်း ၉ သိန်းကျော် အပ်နှံပြီးဖြစ်သလို အဆင့်မြင့်ပညာနရေးမှာလည်း တက္ကသိုလ်တွေ၊ ကောလိပ်တွေ ပြန်လည်ဖွင့်လှစ် ကျောင်းသား၊ ကျောင်းသူများစွာ ပညာသင်ကြားနေကြပြီလို့ဆိုပါတယ်။
စီးပွားရေးနဲ့ပတ်သက်ပြီးလည်း နိုင်ငံရဲ့ကုန်သွယ်မှု လိုအပ်ချက်အရ တချို့သော ပြည်ပသွင်းကုန် တင်သွင်းတာကို ကန့်သတ်ခဲ့ရပေမဲ့ စက်သုံးဆီ၊ စားဆီ ကမ္ဘာ့ဈေးကွက် အခြေအနေအရ ဈေးနှုန်းမြင့်တက်ခဲ့ပေမဲ့ လုံးဝပြတ်လပ်ခြင်း မရှိအောင် စီမံခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အားကစားကဏ္ဍမှာလည်း ပြီးခဲ့တဲ့ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အရင်အကြိမ်တွေထက် ရလဒ် ပိုမိုကောင်းမွန်ခဲ့တယ်လို့ လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။ နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအလိုက် အဆင့် ၇ သာ အရင်အကြိမ်တွေကအတိုင်းပဲ ဆက်လက်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က တိုင်းပြည်အေးချမ်းနေပြီး ပညာရေး၊ စီးပွားရေး၊ အားကစားကဏ္ဍ အသီးသီးမှာ တိုးတက်နေပြီလို့ ပြောနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် နေပြည်တော်မှာ ပြောကြားနေတဲ့ အချိန်နဲ့ မရှေးမနှောင်းမှာပဲ ရန်ကုန်မြို့လယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦးသေဆုံး ၉ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
နိုင်ငံတဝန်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ စေတီပုထိုးတွေပါမကျန် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်ပေါင်း သောင်းချီရှိနေပြီဖြစ်ပြီး ပြည်သူ ၁ သန်းနီးပါး နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။
Photo -MOl