မောင်တောခရိုင်မှ မွတ်ဆလင်ကျောင်းသား ၁၀၀ ကျော် စစ်တွေတက္ကသိုလ်တက်ရန် ခရီးသွားလာခွင့်ရ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ကနေ စစ်တွေတက္ကသိုလ်မှ တက်ရောက်ပညာသင်ယူမယ့် မွတ်ဆလင်ကျောင်းသူ/ကျောင်းသား ၁၀၀ ကျော်  ခရီးသွားလာခွင့် လက်မှတ်ပုံစံ (၄) ရရှိလို့ ကျောင်းအပ်နေကြပြီလို့  ကျောင်းသူ/ကျောင်းသားတွေထံက သိရပါတယ်။

တက္ကသိုလ်တက်ခွင့်ရတဲ့ မွတ်ဆင်ကျောင်းသားတဦးက "ကျနော်တို့ ဘူးသီးတောင်နဲ့ မောင်တောက ကျောင်းသူ/ကျောင်းသားတွေအားလုံး ခရီးသွားလာခွင့်ရရှိကြပါပြီ။ မနေ့က စလို့ ကျောင်းသွင်းကြပါတယ်။ ခရီးသွားလာခွင့် ပုံစံ(၄)က (၁၄) ရက်ပဲ ခွင့်ပြုချက်ပါတော့ ပြည်နယ် လဝက ရုံးမှာသွားရောက်အကြောင်းကြားထားရပါတယ်။"လို့  ပြောပါတယ်။

မောင်တောကနေ တက္ကသိုလ်တက်ရောက်မယ့် မွတ်ဆလင်ကျောင်းသူ/ကျောင်းသား ၂၂ ယောက်ကို  မေလ ၂၁ ရက်က မောင်တောခရိုင်လဝကကနေ စတင်ခွင်ပြုချက်ပေးခဲ့ပြီးနောက် ခရိုင်တစ်ခုလုံးရှိ ကျောင်းသူ/ကျောင်းသား ၁၀၀ ကျော်ကို ဆက်လက်ခွင်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

မောင်တောခရိုင်လဝက တာဝန်ရှိသူ တဦးက "ခရီးသွားလာခွင့် ပုံစံ(၄)က ၁၄ ရက်သာထုတ်ပေးလို့ရတာ။ ကျန်းမာရေးအတွက် ဆေးကုသဖို့ သွားသူတွေဆိုရင်တော့ ဆရာဝန်ထောက်ခံချက်နဲ့ ရက်ထပ်တိုး လျှောက်ထားရတယ်။ အခုတက္ကသိုလ်တက်ရောက်မယ့် ကျောင်း/သူ​ကျောင်းသားတွေကတော့ ပြည်နယ်မှာ သွားရောက်အကြောင်းကြားပေးရင် ရပြီ။ ကျောင်းပိတ်လို့ ပြန်လာတဲ့အချိန်မှလည်း အဲ့ဒီပုံစံ (၄) စာရွက်နဲ့ ပြန်လာလို့ရပါတယ်။"လို့ ရှင်းပြပါတယ်။

စစ်တွေတက္ကသိုလ်ကျောင်းဝင်ခွင့်ကို မေလ ၁၇ ရက်မှ မေလ ၂၇ ရက်နောက်ဆုံး သတ်မှတ်ထားခဲ့ ပေမဲ့ ခရီးသွားလာခွင့်စောင့်ဆိုင်းနေတဲ့ ကျောင်းသူ/ကျောင်းသားတွေ ရှိနေတာကြောင့် လာမယ့် ဇွန်လ ၁၀ ရက်အထိ ထပ်တိုးထားပါတယ်။

ယခုပညာသင်နှစ်မှာ စစ်တွေတက္ကသိုလ်မှာ  ရခိုင်တစ်ပြည်နယ်လုံးမှ မွတ်ကျောင်းသူ/ကျောင်းသား ၃၀၀ ကျော် ကျောင်းဝင်ခွင့်ရရှိထားပြီး မောင်တောခရိုင်ကနေ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

//
More News
Up