စာသင်ကျောင်းများ လုံခြုံရေးနှင့် စိတ်ကျန်းမာရေးပြဿနာဖြေရှင်းရေး သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ် တောင်းဆို

စာသင်ကျောင်းတွေမှာ လုံခြုံရေး ပြန်လည်ပြင်ဆင်မှုတွေနဲ့ စိတ်ကျန်းမာရေးပြဿနာတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ရှုမြင်ပုံသဘောထားတွေကို အစွမ်းကုန် အပြောင်းအလဲလုပ်ဖို့ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ် မေ ၂၇ ရက်က တောင်းဆိုခဲ့ပါတယ်။

သေနတ်ကိုင်ဆောင်ရေး လိုလားတဲ့ အမေရိကန်က အင်အားအများဆုံးပါဝင်တဲ့ အမျိုးသား ရိုင်ဖယ်အသင်း NRA ရဲ့ ညီလာခံကို သမ္မတဟောင်းထရမ့်ပ် တက်ရောက်မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

“ရှင်းရှင်းလေးပါ။ ကြမ်းတမ်းပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်ရူးသွပ်နေတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေမှာ ချုပ်နှောင်ထားဖို့ကို ပိုပြီးလွယ်အောင်လုပ်ဖို့ လိုအပ်ပါတယ်” လို့  ထရမ့်ပ်က မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

ကျောင်းတွေရဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး ကျောင်းတိုင်းမှာ ဝင်ပေါက် တစ်ခု၊ ခိုင်ခံ့တဲ့ ခြံစည်းရိုးနဲ့ သတ္တုရှာဖွေစက်တွေ ထားရှိသင့်ကြောင်းလည်း အကြံပြုပါတယ်။ 

ဒါ့အပြင် ကျောင်းတိုင်းမှာ ရဲအရာရှိ သို့မဟုတ် လက်နက်ကိုင် အစောင့်တစ်ဦးကိုလည်း အချိန်ပြည့် ထားရှိသင့်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အမေရိကန် သမ္မတဟောင်းက သေနတ်ကင်းစင်တဲ့ ကျောင်းဇုန်တွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုလိုက်ပြီး ဒီလိုဇုန်တွေဟာ လက်နက်ကိုင်ထားတဲ့လူတယောက်က တိုက်ခိုက်လာ တယ်ဆိုရင် ဓားစာခံတွေဟာ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့ နည်းလမ်းမရှိဘူး လို့လည်း ပြောပါတယ်။

“သက်ကြီးစကား သက်ငယ်ကြား ပြောရရင် သေနတ်ကိုင်လူဆိုးကို တားဖို့ တစ်ခုတည်းသော နည်းလမ်းက သေနတ်ကိုင်ထားတဲ့ လူကောင်းတစ်ယောက်ပါ”လို့ ထရမ့်ပ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ဒုစရိုက်မှုတွေ ရှိနေတာဟာ တရားဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတွေကို လက်နက်စွဲကိုင်ကြဖို့ အကောင်းဆုံး အကြောင်းရင်းတစ်ခုပါပဲ” လို့လည်း ဆိုပါတယ်။ 

အခုသီတင်းပတ်အတွင်း မေလ ၂၄ ရက်က တက္ကဆက်ပြည်နယ် ယူဗာလ်ဒီမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ ကလေး ၁၉  ယောက်နဲ့ ဆရာ ၂ ယောက်ကို  အသက် ၁၈ နှစ် အရွယ် သေနတ်သမားက ပစ်ခတ်လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

//
More News
Up