စစ်ကိုင်းတိုင်း၊၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာထဲက ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မေ ၂၈ ရက် မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေ ၂၇ ရက်သန်းခေါင်ကျော် (မေ ၂၈ ရက် မနက်ပိုင်း အစောပိုင်း ၁ နာရီဝန်းကျင်)လောက်က စတင်မီးရှို့ခဲ့ကြပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရကြောင်း၊ မေ ၂၈ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်မှာလည်း ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ကြကာ မီးလောင်နေတဲ့မြင်ကွင်းကို အဝေးကနေ မြင်တွေ့ခဲ့ကြရတယ်လို့ ဒေသခံက ဆိုပါတယ်။
မီးရှို့မှုကြောင့် လည်ငေါက်ကျေးရွာရဲ့ ဆုံးရှုံးမှုအခြေအနေကိုတော့ချက်ချင်း မသိရသေး သလို စစ်ကောင်စီတပ်ဖွဲ့တွေ ရွာအတွင်းမှာပဲ ရှိနေသေးတာကြောင့် ဒေသခံပြည်သူတွေ မကပ်ရဲ သေးပဲ ရှိနေကြောင်းနဲ့ ဖုန်းလိုင်းတွေပါ ဆက်သွယ်မှု ခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက ပြော ပါတယ်။
မေ ၂၇ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဟာ ကောင်းဆင့်ကျေးရွာမှ ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ဘဲတွေကိုလည်း ခိုးယူရိုက်သတ်ချက်စားခဲ့ကြသလို သေနတ် ပစ်ဖောက်သံတွေလည်းကြားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ယင်းမာပင်မြို့နယ်မှာ လက်ရှိအချိန်ထိ ဖုန်းလိုင်းဆက်သွယ်ရေး အဆင်မပြေသလို စစ်ကောင်စီ တပ်ဖွဲ့တွေကလည်း ခပ်စိပ်စိပ်စစ်ကြောင်းထိုး သွားလာလှုပ်ရှားနေကာ ဒေသခံတွေရဲ့ ပစ္စည်းတွေ ယူဆောင်တာ၊ နေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်နေကြပြီး ဒေသခံ အများအပြားလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲ ရှိပါတယ်။