ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ကျောက်ထု PDF တပ်ရင်း-၁ ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်ရွှေဖုန်းကို စစ်ကောင်စီတပ်တွေက ဝိုင်းဝန်းပစ်ခတ်ခဲ့လို့ ကျဆုံးသွားတယ်လို့ ကျောက်ထုPDF(YRPA)က နေသိရပါတယ်။
ဗိုလ်ရွှေဖုန်းဟာ မေလ ၂၅ ရက်က တာဝန်တခုနဲ့ ခရီးသွားနေတဲ့ အချိန် ပစ်သတ်ခံရတာဖြစ်တယ်လို့ ကျောက်ထုPDF(YRPA)ရဲ့ တပ်ရင်း-၂ တပ်ခွဲ-၃ က တပ်ခွဲမှူး ဗိုလ်ရွှေမိုးက ပြောပါတယ်။
“ဒုတပ်ရင်းမှူး ဗိုလ်ရွှေဖုန်းဟာ ချင်းပြည်နယ် မင်းတပ်နားက ပြည်ရွာကို အလုပ်ကိစ္စနဲ့ ခရီးသွားတာဗျ။ ဒလန်တွေက သတင်းအတိကျပေးလို့ သူရောက်နေတဲ့ အစ်မဖြစ်သူရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်လို့ ကျဆုံးခဲ့ရတာပါ။ ဗိုလ်ရွှေဖုန်းရဲ့ အစ်မဖြစ်သူကိုတော့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားကြတယ်။”
ကျောက်ထုPDF ဒုတပ်ရင်းမှူးရဲ့ အလောင်းကို မေလ ၂၆ ရက်နေ့မှာ အခမ်းအနားနဲ့ မီးသင်္ဂြိုဟ်ခဲ့ကြပြီး ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ဂန့်ဂေါမြို့နယ်မှာလည်း မြစ်သာဆည်ပတ်ဝန်းကျင်ရှိ PDF စခန်းတွေကို မေလ ၂၆ ရက် မနက်က စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၇ ယောက်ထက်မနည်း ကျဆုံးခဲ့ရတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“နောက်ထပ်လည်း ထိခိုက်ကျဆုံးသူတွေရှိနိုင်သေးတယ်။ နယ်မြေအခြေနေအရ အတိကျအတည်မပြုနိုင်သေးဘူး။ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် များစွာ စိတ်မကောင်း ဖြစ်ရတယ်။”
ဂန့်ဂေါမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်တွေက လေကြောင်းကနေ အချိန်မရွေး တိုက်ခိုက်နိုင်တာကြောင့် ပြည်သူတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို သတိပြုပြီး ဘေးကင်း လုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့ သတိပေးထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေကို ထိန်းချုပ်ဖို့ ခက်ခဲလာတာကြောင့် အင်အားအလုံးအရင်းနဲ့ မြေပြင်ကနေ ထိုးစစ်ဆင်နေသလို လေကြောင်း တိုက်ခိုက်မှုတွေပါပြုလုပ်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာတွေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။