ဘရာဇီးတွင် အမျိုးသား ၁ ဦး ရဲကားနောက်ခန်း၌ သေဆုံးခဲ့ရသည့်အပေါ် ကန့်ကွက် ဆန္ဒပြ

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ဆာ့ဂျီပီးပြည်နယ်မှာ  မေ ၂၆ ရက်က  ရဲကား တစ်စီးရဲ့ အနောက်ခန်းထဲမှာ  လူမည်း အမျိုးသားတယောက်  ဂတ်စ်အငွေ့နဲ့ အသက်ရှုကြပ်ပြီး  သေဆုံးခဲ့ရတာကို မကျေနပ်လို့ ဆောင်ပေါလိုမြို့မှာ  မနေ့က ဆန္ဒပြသူတွေ စုရုံး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ 

ရဲကားနောက်ခန်းမှာ ဂျီနီဗာလ်ဒိုဒီဂျေးဆပ်ဆန်တို့စ်ရဲ့ သေဆုံးခဲ့ရတဲ့ ဗီဒီယိုဟာ ဘရာဇီးနိုင်ငံတဝန်း ပျံ့နှံ့ခဲ့ပြီး ပြည်သူတွေ ဒေါသထွက်ခဲ့ကြပါတယ်။ 

ဖုန်းကင်မရာမှာ ရိုက်ထားတဲ့ပုံတွေထဲမှာ ရဲအရာရှိတွေဟာ လက်ထိပ်ခတ်ထားတဲ့ အမျိုးသား တယောက်ကို သူတို့ရဲ့ SUV ကားနောက်ခန်းထဲ ထိုးထည့်လိုက်ပြီးနောက်မှာ အထဲက ဂက်စ်အိုးကို ဖွင့်ထုတ်လိုက်ပြီးတော့ ကားနောက်ခန်းတံခါးပေါ် ထောက်ပြီး သူ့အော်သံတွေရပ်၊ ရမ်းခါနေတဲ့ ခြေထောက်တွေ ငြိမ်သွားတဲ့အထိ ထားခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဘရားဇီး မြို့ငယ်လေးမှာလည်း အဝေးပြေးလမ်းမကြီးကိုပိတ်ပြီး တာယာတွေမီးရှို့၊ တရားမျှတမှုအတွက် တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ ဝှေ့ယမ်းပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

ဘရာဇီးလ် ဖက်ဒရယ်ရဲတပ်ဖွဲ့ကတော့ သေဆုံးမှုအခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထား ကြောင်း မေ ၂၆ ရက်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဆန်တို့စ်ဟာ ရဲတွေ ချဉ်းကပ်လာမှုကို ခုခံခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ရန်လိုမှုကြောင့် သူ့ကိုချုပ်ထိန်းဖို့ မလှုပ်ရှားနိုင်စေတဲ့ နည်းစနစ်တွေနဲ့ သုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဆန်တို့စ်ကို ရဲစခန်းကို ခေါ်သွားချိန်မှာ နေမကောင်းဖြစ်တာကြောင်း အနီးနားရှိ ဆေးရုံကို ခေါ်သွားခဲ့ကြောင်းနဲ့  အဲဒီဆေးရုံမှာပဲသေဆုံးခဲ့တာလို့ ရဲက  ကြေညာခဲ့တာပါ။ 

အဲဒီထုတ်ပြန်ချက်ထဲမှာ ဆန်းတို့စ်ကို ကားနောက်ခန်းထဲ ပိတ်လှောင်ခဲ့တဲ့ ရဲ ၂ ယောက် အကြောင်းကို မဖော်ပြထားပါဘူး။ ဒါပေမဲ့ ရဲတွေရဲ့အပြုအမူကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းရေးဖွင့်ထားတယ် လို့ ဆိုပါတယ်။ 

“ဆန်တို့စ်က သူ့လက်တွေကို ပြတယ်။ သူ့မှာ သေနတ်မရှိဘူးဆိုတာကို သက်သေပြဖို့ သူ့အဝတ်အစားတွေကို ပြခဲ့တယ်။ သူ့လက်ကို ချလိုက်ပြီး အိတ်ကပ်ထဲ ထည့်၊ ဆေးထုတ်ယူပြီး ရဲကို ပြခဲ့တာ”လို့  ဆန်တို့စ်ရဲ့ အစ်ကိုက အသုဘအခမ်းအနားအပြီးမှာ ဒေသခံမီဒီယာကို ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းက ဘရာဇီးနိုင်ငံ ရီရိုဒီဂျနေရိုးမြို့ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုကို ရဲက ဝင်ရောက်စီးနင်းမှုအတွင်း အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ပါသေးတယ်။

//
More News
Up