ပါကစ္စတန်တွင် လောင်စာဆီဈေးနှုန်း ၂၀ ရာခိုင်နှုန်းထိ ထိုးတက်

ပါကစ္စတန်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းထိ ထိုးတက်သွားတာကြောင့် မေ ၂၇ ရက်မှာတော့ ပါကစ္စတန်နိုင်ငံသားတွေ ဒေါသထွက်ခဲ့ကြပြီး စက်သုံးဆီဆိုင်တွေမှာလည်း တန်းစီစောင့်ဆိုင်းနေကြရပါတယ်။
ဓာတ်ဆီဈေးနှုန်းအသစ်ဟာ တစ်လီတာကို ၁၇၉ ဒသမ ၈၆ ရူပီးနဲ့ ဒီဇယ်ဈေးက ၁၇၄ ဒသမ ၁၅ ရူပီး ဖြစ်လိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာအစ္စမေးလ်က အစ္စလာမာဘတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မေ ၂၇ ရက်က လာဟိုးမှာ ဒါဇင်နဲ့ချီတဲ့ သုံးဘီးကားမောင်းသူတွေဟာ စျေးတက်တာကို ကန့်ကွက်ခဲ့ပြီး ခုလို ဈေးတက်ဖို့ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဓာတ်ဆီဈေး မြင့်တက်မှုဟာ ပါကစ္စတန်အတွက် ခက်ခဲတဲ့အချိန် ဖြစ်လိမ့်မယ်လို့ စီးပွားရေးလေ့လာသူတဦးက သုံးသပ် ပြောကြားပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ပါကစ္စတန်အစိုးရတို့အကြား ရန်ပုံငွေ ဒေါ်လာ သန်း ၉၀၀ ကျော်ကို တစ်ချိန်တည်းမှာ ထုတ်ပေးဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း မေ ၂၆ အစောပိုင်းက ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီရန်ပုံငွေတွေဟာ ၂၀၁၉ ခုနှစ်က IMF နဲ့ သဘောတူညီထားတဲ့ ဒေါ်လာ ၆ ဘီလီယံ အစီအစဉ်ကနေ ရရှိတာဖြစ်ပါတယ်။
စျေးနှုန်းမြှင့်တင်မှုဟာ ပါကစ္စတန်နဲ့ IMF တို့အကြားက အဓိကပြဿနာဖြစ်ပြီး၊ နောက်လမှာ နှစ်စဉ်ဘတ်ဂျက် မတင်ပြခင် နိုင်ငံရဲ့ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချဖို့ ရေနံနဲ့ဓာတ်အားကဏ္ဍက ထောက်ပံ့မှုတွေကို ရုပ်သိမ်းဖို့ကလည်း သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
ဒေါ်လာ ၆ ဘီလီယံ သဘောတူညီချက်ထဲက ရန်ပုံငွေတစ်ဝက်လောက်ကို ထုတ်မပေးသေးဘဲ IMF ရဲ့ ပြန်လည်သုံးသပ်မှုကို ဘယ်အချိန်မှာ ပြုလုပ်မယ်ဆိုတာလည်း မရှင်းလင်းသေးပါဘူး။