ဥရောပကို ခွဲထုတ်ရန် ရုရှား၏ကြိုးပမ်းမှု မအောင်မြင်ဟု အမေရိကန်သမ္မတပြော

ယူကရိန်းကို ကျူးကျော်ပြီး ဥရောပကို ခွဲထုတ်ဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ကြိုးပမ်းမှုဟာ ဆန့်ကျင်ဘက် ပြန်ဖြစ်သွားခဲ့တာလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေ ၂၇ ရက်မှာ မေရီလန်းပြည်နယ်၊ အန်နာပိုလစ်ရှိ ရေတပ်အကယ်ဒမီ ဘွဲ့ရဗိုလ်လောင်း ၁၂၀၀ နဲ့ တွေ့ဆုံချိန်မှာ ‌ပြောကြားလိုက်ပါတယ်။ 

သူတို့ဘွဲ့ရတွေဟာ တောင်တရုတ်ပင်လယ်မှာ အဏ္ဏဝါရေပြင်လွတ်လပ်မှုကို အာမခံပေးရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ 

သူတို့တတွေ စစ်မှုထမ်းဖို့ ဝင်ရောက်လာချိန်ဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ရချိန် ဖြစ်ပြီး မသေချာ မရေရာတဲ့ ကမ္ဘာကြီးမှာ တည်ငြိမ်မှုကို ကူညီထိန်းသိမ်းပေးဖို့ တာဝန်တွေရှိ မယ်လို့လည်း ပြောဆိုပါတယ်။ 

ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကို ဆန့်ကျင်ဖို့ နိုင်ငံပေါင်းစုံ ညွန့်ပေါင်း ဖွဲ့ဖို့ ကူညီခဲ့တဲ့ ဘိုင်ဒင်ဟာ ပူတင်ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြောခဲ့ပြီး နေတိုးမဟာမိတ်တွေကို ခွဲထုတ်ဖို့ သူ့ရဲ့ ကြိုးပမ်းမှုက မအောင်မြင်ခဲ့ကြောင်းလည်း ပြောပါတယ်။ 

“သူဟာ ယူကရိန်းကို သိမ်းပိုက်ဖို့ ကြိုးစားနေတာတင်မကပဲ ယူကရိန်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင် လက္ခဏာတွေကိုပါ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတယ်” လို့ သူက ဆိုပါတယ်။ 

“ကျောင်းတွေ၊ မူကြိုကျောင်းတွေ၊ ဆေးရုံတွေ၊ ပြတိုက်တွေကို တိုက်ခိုက်တာက ယဉ်ကျေးမှုကို ချေမှုန်းဖို့ကလွဲလို့ တခြားရည်ရွယ်ချက် မရှိဘူး” လို့လည်း ဘိုင်ဒင်က ပြောကြားပါတယ်။

“ပူတင်က ဥရောပကို (စစ်အေးခေတ်တုန်းက ဆိုဗီယက်ဩဇာလွှမ်းတဲ့) ဖင်လန်-ပုံစံ လုပ်ဖို့ ကြိုးစားနေပေမယ့် အဲဒီအစား သူက ဥရောပတစ်ခွင်လုံးကို နေတိုး-ပုံစံ သွင်းနေတာ”လို့ ဘိုင်ဒင်က ကြားနေနိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ဖင်လန်နိုင်ငံတို့ရဲ့ နေတိုးမဟာမိတ်နိုင်ငံဖြစ်ဖို့ အစီအစဉ်ကို ရည်ညွှန်းပြောဆိုသွားပါတယ်။ 

အင်ဒို-ပစိဖိတ်ရေကြောင်းနေရာက သဘာဝဘေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတွေကို အမေရိကန်က ရှေ့ဆုံးကနေ ဦးဆောင် တုံ့ပြန်ပေးမှာဖြစ်တယ်လို့ အာရှကနေ ပြန်ရောက်လာတာ တပတ်လောက်ပဲ ရှိသေးတဲ့ ဘိုင်ဒန်က ပြောပါတယ်။ 

“သင်တို့ဟာ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို ခုခံကာကွယ်ပြီးတော့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ရဲ့ အနာဂတ်ကို ရေးထိုးရမှာဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်ပြင်နဲ့ သူ့ကိုကျော်လွန်ပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အာမခံပေးဖို့နဲ့ ပင်လယ်လမ်းကြောင်းတွေ ပွင့်ပြီး လုံခြုံအောင် လုပ်ရလိမ့်မှာ ဖြစ်တယ်” လို့ ဆိုပါတယ်။ 

“ကာလကြာရှည် ရှိထားပြီးသား ဒီရေကြောင်းဆိုင်ရာ အခြေခံမူတွေက ကမ္ဘာ့စီးပွားရေးနဲ့ ကမ္ဘာ့တည်ငြိမ်ရေးရဲ့ အခြေခံအုတ်မြစ်တွေဖြစ်ပြီး မင်းတို့ကိုလည်း ဥရောပက မဟာမိတ်တွေနဲ့ အင်ဒို-ပစိဖိတ်ဒေသက မဟာမိတ်တွေက ပေါင်းစည်းဖို့ အတူကူညီပေးကြလိမ့်မယ်”လို့ သမ္မတ ဘိုင်ဒင်က ပြောသွားပါတယ်။ 

//
More News
Up