နိုင်ငံဒေဝါလီခံရခြင်းမှ ကာကွယ်ရန် လောင်စာဈေးနှုန်းမြှင့်ခြင်းဖြစ်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်စ်ရှရစ်ဖ်က  သူ့နိုင်ငံမှာ ဒေဝါလီခံရခြင်းကနေ ကာကွယ်ဖို့ မလွှဲမရှောင်သာ လောင်စာဆီဈးနှုန်းမြှင့်လိုက်ရတာ ဖြစ်တယ်လို့  မေ ၂၇ ရက်မှာ ပြောလိုက် ပါတယ်။

တိုင်းပြည်မှာ “ခက်ခဲတဲ့ စီးပွားရေးအခြေအနေ” ကို မျက်မြင်ကြုံတွေ့နေရလို့ အခုလို ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်ကြောင်း  အစိုးရထုတ်ပြန်ချက်ထဲမှာ သမ္မတရှရစ်ဖ်က ပြောထားပါတယ်။ 

အစိုးရဟာ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ( IMF) နဲ့  လောင်စာဆီ ထောက်ပံ့မှု ရပ်ဆိုင်းရေး အပါအဝင် သဘောတူညီချက်တခု အပြီးမှာ လောင်စာဆီဈေးနှုန်းတွေ တက်လာမှာ ဖြစ်ကြောင်း မေ ၂၆ ရက်နှောင်းပိုင်းမှာ အစိုးရကကြေညာခဲ့ပြီး ဒါဟာ ၂၀၁၉ ခုနှစ်က IMF နဲ့ လက်မှတ်ရေးထိုးထားတဲ့ ဒေါ်လာ ၆ ဘီလီယံ ထောက်ပံ့မှုအကူအညီကို ပြန်စတင်နိုင်မယ်လို့ ဆိုပါတယ်။ 

ဧပြီလမှာ တာဝန် စယူခဲ့တဲ့ ပါကစ္စတန်အစိုးရသစ်ဟာ အမြင့်ဈေး ရောက်နေတဲ့ လောင်စာဆီ ဈေးနှုန်းတွေကို ဖယ်ရှားပစ်ဖို့ တွန့်ဆုတ်နေခဲ့ပြီး ၁၆ လအတွင်း မျှော်မှန်းထားတဲ့ ရွေးကောက်ပွဲ တွေနဲ့ အတူ နိုင်ငံရေးအကျိုးဆက်တွေကို ကြောက်ရွံ့နေပါတယ်။

စီးပွားရေးကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲခံခဲ့ရပြီး ပြီးခဲ့တဲ့လက အစိုးရကနေ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက လောင်စာဆီဈေး ထိုးတက်နေမှုဟာ ပါကစ္စတန်သမိုင်းမှာ တခုတည်းသော အကြီးဆုံးကိစ္စ လို့ ဝေဖန်ထားပါတယ်။ 

ခန်းဟာ ဂဏန်းနှစ်လုံးထိ ငွေကြေးဖောင်းပွမှုဒဏ်ကို ရင်ဆိုင်နေရတဲ့ ပါကစ္စတန်ပြည်သူတွေ စိတ်သက်သာစေဖို့ သူ့ရဲ့အာဏာလက်ရှိ နောက်ဆုံးနေ့ရက်တွေမှာ လောင်စာဆီထောက်ပံ့မှုကို အကောင်အထည်ဖော်ခဲ့ပါသေးတယ်။ 

ဒါပေမဲ့ အဲဒါဟာ ၂၀၁၉ သဘောတူညီချက်ရဲ့စည်းကမ်းချက်တွေကနေ သွေဖည်သွားတယ်လို့ IMF က  ပြောကြားခဲ့ပါတယ်။ 

//
More News
Up